ဦးကျော်မင်းဆွေနဲ့ အနုပညာရှင်လေးဦး ပြန်လည်လွတ်မြောက်
2023.07.07
စစ်ကောင်စီက နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅ (က)နဲ့ အမှုဖွင့် ဖမ်းဆီးခံထားရတဲ့ သတင်းစာဆရာ ဦးကျော်မင်းဆွေနဲ့ အနုပညာရှင်လေးဦးကို ဇူလိုင်လ ၇ ရက်နေ့က ပြန်လွှတ်ပေးလိုက်တယ်လို့ မိသားစုနဲ့နီးစပ်သူတွေက ပြောပါတယ်။
ဦးကျော်မင်းဆွေ၊ မေပန်းချီတို့နဲ့အတူ သရုပ်ဆောင် မြတ်သူသူ၊ အဆိုတော် ရွှေရည်သိန်းတန်၊ အဆိုတော် မေလသံစဉ် စတဲ့သူတို့ပါ ပြန်လွတ်လာကြတယ်လို့ စစ်ကောင်စီထောက်ခံတဲ့ တယ်လီဂရမ်းချန်နယ်တွေမှာ ရေးသားထားပါတယ်။
သူတို့ငါးဦးဟာ ကန့်ဘလူမြို့နယ်၊ ပဇီကြီးကျေးရွာဖြစ်စဉ်နဲ့ ပတ်သက်ပြီး လူမှုကွန်ရက်မှာ ဝမ်းနည်းကြောင်းရေးသားခဲ့တဲ့အတွက် အများပြည်သူကို ဆူပူအောင် လှုံ့ဆော်တယ်ဆိုပြီး စစ်ကောင်စီက ပြီးခဲ့တဲ့ ဧပြီလ ၁၁ ရက်နဲ့ ၁၂ ရက်နေ့တွေမှာ ဖမ်းဆီးခဲ့တာဖြစ်ပါတယ်။
ဦးကျော်မင်းဆွေကတော့ အမှုရင်ဆိုင်နေဆဲအချိန်မှာ ပြန်လည်လွတ်မြောက်လာတာဖြစ်ပါတယ်။
သရုပ်ဆောင်မေပန်းချီကတော့ စစ်အုပ်ချုပ်ရေးကြေညာခံထားရတဲ့ ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ်မှာ ဖမ်းဆီးခံရတာဖြစ်ပြီး ဇွန်လ ၇ ရက်နေ့မှာ စစ်ခုံရုံးကနေ ထောင်ဒဏ် သုံးနှစ် အမိန့်ချမှတ်ခံရပြီးမှာ ပြန်လည်လွတ်မြောက်လာတာပါ။
သရုပ်ဆောင်မေပန်းချီ ပြန်လည်လွတ်မြောက်လာတာနဲ့ပတ်သက်ပြီး အစ်ကိုဖြစ်သူရဲ့ လူမှုကွန်ရက်စာမျက်နှာမှာ ရေးထားတာတွေ့ရပါတယ်။
ဦးကျော်မင်းဆွေဟာ The Voice Weekly ဂျာနယ်ရဲ့ အယ်ဒီတာချုပ်ဖြစ်ပြီး မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီ၊ အတွင်းရေးမှူးတာဝန် ထမ်းဆောင်ခဲ့သူလည်း ဖြစ်ပါတယ်။
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောင့်ရေးအသင်း (AAPP) ရဲ့ ဇူလိုင်လ ၇ ရက်နေ့ထိ ထုတ်ပြန်ချက်အရ စစ်အာဏာသိမ်းပြီးနောက် ဒီမိုကရေစီရေးလှုပ်ရှားသူနဲ့ ပြည်သူ ၁၉၃၈၉ ဦး ဖမ်းဆီးထိန်းသိမ်းခံထားရဆဲ ဖြစ်ပါတယ်။