မော်ချီးသတ္တုတွင်းဒေသ မြေပြို မှု သေဆုံးသူ ၂၈ ဦးအထိ တိုးလာ

ကယားပြည်နယ် ဖာဆောင်းမြို့နယ် မော်ချီးသတ္တု တွင်းဒေသက မြေပြိုမှုမှာ သေဆုံးသူ ၂၈ ဦးထိရှိ သွားပြီလို့ အရပ်ဘက် ကူညီကယ်ဆယ်ရေးဆောင် ရွက်နေသူတွေကတဆင့် ဒီနေ့ စုံစမ်းသိရှိရပါတယ်။

ကယားပြည်နယ် ဖာဆောင်းမြို့နယ် မော်ချီးဒေသမှာ မြေပြိုကျတဲ့နေရာတစ်ခုကို ၂ဝ၁၅ ခုနှစ် အောက်တိုဘာလ ၁၂ ရက်နေ့က တွေ့ရစဉ် Photo: MOI

ကယားပြည်နယ် ဖာဆောင်းမြို့နယ် မော်ချီးသတ္တုတွင်းဒေသက မြေပြိုမှုမှာ သေဆုံးသူ ၂၈ ဦး ထိရှိသွားပြီလို့ အရပ်ဘက်ကူညီ ကယ်ဆယ်ရေးဆောင်ရွက်နေ သူတွေကတဆင့် ဒီနေ့ စုံစမ်းသိရှိရပါတယ်။

အဲဒီဒေသမှာ မြန်မာနိုင်ငံအနှံ့ကနေလာပြီး အလုပ်လုပ် နေကြသူတွေများသလို အလုပ်သမားတွေကို စနစ်တကျ မှတ်ပုံထားတာမရှိတဲ့အတွက် သေဆုံးသူတွေကို ဘယ်သူဘယ်ဝါ၊ ဘယ်ဒေသကဆိုတာ အတည်ပြုဖို့ခက်နေတယ်လို့ သိရပါတယ်။ ဒီအကြောင်းနဲ့ပတ်သက်လို့ ကယ်ဆယ်ရေးဆောင်ရွက်နေတဲ့ ကရင်နီ ပြည်လူငယ်များသမဂ္ဂအဖွဲ့ ဗဟိုကော်မတီဝင် ကိုကျော်ထင်အောင်က RFA ကို အခုလို ပြောပါတယ်။

"၁၈ ယောက်အပြင်၊ နောက်ထပ် ၁ဝ ယောက်က အလောင်းထပ်တွေ့တယ်ဆိုပေမယ့် ဘယ်သူတွေ၊ ဘာတွေဆိုတာမသိရသေးဘူး၊ သေဆုံးသူစာရင်းက ၂၈ ယောက် ထိ ထပ်တက်လာတယ်လို့ ကျနော်တို့ပြောလို့ရပါတယ်"

လက်ရှိအချိန်ထိ ကယ်ဆယ်ရေးနဲ့ ကူညီရေးတွေ လိုအပ်နေသေးတယ်လို့ ဆိုပါတယ်။

ဒီအတောအတွင်းမှာပဲ အဲဒီဒေသမှာ လူတွေဆက်နေသင့် မသင့်ဆိုတာနဲ့ ပတ်သက်လို့ ပညာရှင်တွေနဲ့ စမ်းသပ်စစ်ဆေးတိုင်ပင်ပြီး ဆုံးဖြတ်သွားမှာဖြစ်သလို၊ ဒုက္ခသည် တစ်ထောင်ကျော်လောက်ကို ကယ်ဆယ်ရေးစခန်း ၆ ခု ဖွင့်ပြီး ကူညီနေပြီး၊ ပျောက်နေတဲ့သူတွေကိုလည်း ဆက်ပြီးရှာဖွေနေတယ်လို့ ကယားပြည် နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးမင်းယုရှိန်က RFA ကို ပြောပါတယ်။

"မော်ချီးမှာရှိတဲ့ ဒေသခံပြည်သူတွေကို အထက မော်ချီးမှာတော့ လူဦးရေ ၃၅၉ ယောက်ရှိပါတယ်၊ စီမံကိန်းဆေးရုံမှာ ၁၃ဝ ရှိပါတယ်၊ လိုခါးလိုဘုရားကျောင်းမှာ ၄၀၂ ယောက်ရှိပါတယ်၊ လိုခါးလို အမကမှာ ၂၁၅ ယောက်ရှိပါတယ်၊ ယူကောခိုမှာက ၇၃ ယောက်ရှိပါတယ်၊ ယူကောခိုအောက်ကရွာမှာ ၂၁၀ ရှိပါတယ်၊ စုစုပေါင်း ၁၃၈၉ ယောက်ရှိပါတယ်၊ အဲ့ဒါဒေသခံတွေပါ၊ ကျနော်တို့အစိုးရအဖွဲ့တွေနဲ့ ပေါင်းပြီးတော့ စားနပ်ရိက္ခာကို ဆန်၊ ဆား၊ ပဲ၊ ငါးခြောက်၊ ငါးသေတ္တာ၊ ကြာဇံ၊ အဲ့ဒါတွေနဲ့ ချက်ပြုတ်ကျွေးမွေးနေပါတယ်"

အောက်တိုဘာလ ၁၀ ရက်နေ့က မိုးကြီးခဲ့ရာကနေ နောက်တစ်နေ့ ညနေပိုင်းကစပြီး သတ္တုတူးဖော်နေတဲ့ တောင်ပေါ်ကျေးရွာတွေမှာ မြေပြိုပြီး ရွာတွေ ပျက်စီးခဲ့တာပါ။

အဲဒီမှာ ကျောက်ပန်းတောင်း၊ တောင်ငူ၊ မိတ္ထီလာ စတဲ့ဒေသအသီးသီးက လူတွေ အလုပ်လုပ်နေကြတဲ့အတွက် သူတို့ကိုလည်း နေရပ်တွေကို ပြန်ပို့နေပြီ လို့ ပြောပါတယ်။

မော်ချီးဒေသမှာ မြေဧကအများဆုံး သတ္တုတူးဖော်ရေးလုပ်ကိုင်နေတာ ရဲထွတ်ကျော် ကုမ္ပဏီဖြစ်ပြီး အဲဒီကုမ္ပဏီကို ဦးပိုင်ကုမ္ပဏီကလုပ်ပိုင်ခွင့်ငှါးထားတာလို့ သိရပါတယ်။ ရဲထွတ်ကျော်ကုမ္ပဏီပိုင်ရှင်က ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးရဲထွတ်တင် ဖြစ်တယ်လို့ လဲ ကရင်နီလူငယ်များသမဂ္ဂအဖွဲ့က ပြောပါတယ်။

ကယ်ဆယ်ရေးဆောင်ရွက်နေတဲ့ ကရင်နီပြည်လူငယ်များသမဂ္ဂအဖွဲ့ ဗဟိုကော်မတီဝင် ကိုကျော်ထင်အောင်ကို RFA ဝိုင်းတော်သား ကိုနေရိန်ကျော် ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။

ကယားပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးမင်းယုရှိန်ကို RFA သတင်းထောက် ကိုကျော်သူ ဆက်သွယ်မေးမြန်းထားတာကိုလည်း နားဆင်နိုင်ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org