အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုကြောင့် လေးလအတွင်း အရပ်သား ၃၇၀ နီးပါး သေဆုံး

လေးလအတွင်း လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သားအစုလိုက်အပြုံလိုက် သေဆုံးခဲ့တဲ့ဖြစ်စဉ် အများဆုံးလို့ ဉာဏ်လင်းသစ် အဖွဲ့က ပြောပါတယ်။

စစ်ကောင်စီတပ် လေကြောင်းသုံးတိုက်ခိုက်ခဲ့သည့် စစ်ကိုင်းတိုင်း၊ တမူးမြို့နယ်၊ ခါမ်းပါတ်မြို့အနီး ကနန်ရွာမှ အဆောက်အအုံတစ်ခုအား ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၇ ရက်နေ့က တွေ့ရစဉ်။ Citizen Photo

၂၀၂၄ ခုနှစ် ဇန်နဝါရီလကနေ ဧပြီလအထိ လေးလတာအတွင်း နိုင်ငံတစ်ဝန်း စစ်ကောင်စီက လူ ငါးဦးနဲ့အထက် အစုလိုက်အပြုံလိုက် သတ်ဖြတ်မှု အနည်းဆုံး ၄၆ ခု ကျူးလွန်ခဲ့ပြီး အရပ်သား ၃၆၉ ဦးကို သတ်ဖြတ်ခဲ့တယ်လို့ လွတ်လပ်တဲ့ သုတေသနအဖွဲ့အစည်းတစ်ခုဖြစ်တဲ့ ဉာဏ်လင်းသစ် သုတေသနအဖွဲ့က ဇွန်လ ၁၂ ရက် ဒီနေ့ ထုတ်ပြန်ပါတယ်။

လေးလအတွင်း စစ်ကောင်စီတပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သားတွေ အစုလိုက်အပြုံလိုက် သေဆုံးခဲ့တဲ့ဖြစ်စဉ်က အများဆုံးဖြစ်ပြီး သေဆုံးတဲ့ အရေအတွက်လည်း အများဆုံးဖြစ်တယ်လို့ ဉာဏ်လင်းသစ် အဖွဲ့က ပြောပါတယ်။

ဒါ့အပြင် စစ်ကြောင်းထိုးဝင်ရောက်မှု၊ လက်နက်ကြီးပစ်ခတ်မှု၊ လက်နက်ကြီးနဲ့ လေကြောင်းတိုက်ခိုက်မှု တစ်ပြိုင်တည်း တိုက်ခိုက်တာတွေနဲ့ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုတွေ ကျူးလွန်ခဲ့တာလို့ ဆိုပါတယ်။

လေကြောင်းတိုက်ခိုက်မှုကနေ အစုလိုက်အပြုံလိုက် သေဆုံးခဲ့ရတဲ့ဖြစ်စဉ် အနည်းဆုံး ၂၃ ကြိမ်ရှိခဲ့ပြီး သေဆုံးသူ ၁၆၈ ဦး ရှိခဲ့တယ်လို့ ဖော်ပြထားပါတယ်။

စစ်ကောင်စီတပ် စစ်ကြောင်းဝင်ရောက်ချိန် အရပ်သားတွေ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ် အနည်းဆုံး ၁၁ ကြိမ်ရှိခဲ့ပြီး သေဆုံးသူ ၉၁ ဦိးရှိခဲ့တယ်လို့ ဆိုပါတယ်။

စစ်ကိုင်းတိုင်းအတွင်း အစုလိုက်အပြုံလိုက် သတ်ဖြတ်ခံရမှု ၁၀ ကြိမ်ရှိခဲ့ပြီး သေဆုံးသူ ၁၀၅ ဦး ရှိတယ်လို့ ပြောပါတယ်။

ဒီအချက်အလက်တွေဟာ မြေပြင်တော်လှန်ရေး အဖွဲ့အစည်းတွေနဲ့ လွတ်လပ်တဲ့ သတင်းမီဒီယာတွေရဲ့ ထုတ်ပြန်ချက်တွေကို အခြေခံပြုစုထားတာလို့ ဉာဏ်လင်းသစ် သုတေသနအဖွဲ့က ပြောပါတယ်။

ဒီထုတ်ပြန်ချက်နဲ့ပတ်သက်ပြီး တုံ့ပြန်ချက်ရရှိဖို့ စစ်ကောင်စီ ပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကို RFA ဆက်သွယ်ခဲ့ပေမဲ့ ဖုန်းလက်ခံဖြေဆိုတာ မရှိပါဘူး။

-

အာဏာသိမ်း သုံးနှစ်ကျော်အတွင်း စစ်ကောင်စီတပ်ရဲ့ လူ ငါးဦးနဲ့အထက် အစုလိုက် အပြုံလိုက် သတ်ဖြတ်ခံရမှုဖြစ်စဉ် ၂၆၀ ကြိမ် ကျူးလွန်ခဲ့ပြီး သေဆုံးသူ အရပ်သား ၂၄၉၀ ဦး သတ်ဖြတ်ခံခဲ့ရတဲ့အပြင် ဖြစ်စဉ်နဲ့ သေဆုံးသူတွေရဲ့ ထက်ဝက်နီးပါးဟာ စစ်ကိုင်းတိုင်းက ဖြစ်တယ်လို့ ထုတ်ပြန်ထားပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org