မွန်းတည့်နေဂျာနယ်ကို မစိုးရိမ်ဆရာတော်များ တရားစွဲမည်
ဇန်နဝါရီလ ၁၉ ရက်နေ့ကထုတ်တဲ့ "မွန်းတည့်နေဂျာနယ်"မှာ ဆရာတော် အရှင်ဉာဏိဿရ မိန့်ကြားတယ်ဆိုပြီး လွဲမှားစွာရေး သားခဲ့တဲ့အတွက် မန္တလေးအခြေစိုက် အမျိုးဘာသာ သာသနာ စောင့်ရှောက်ရေးအဖွဲ့က မွန်းတည့်နေဂျာနယ်ကို တရားစွဲမယ်လို့ မစိုးရိမ်တိုက်သစ် ဆရာတော်တွေက ဒီနေ့ မိန့်ကြားပါတယ်။
-
2014-01-27 -
-
-
ဇန်နဝါရီလ ၁၉ ရက်နေ့ကထုတ်တဲ့ "မွန်းတည့်နေ ဂျာနယ်"မှာ ဆရာတော် အရှင်ဉာဏိဿရ မိန့်ကြားတယ်ဆိုပြီး လွဲမှားစွာရေးသားခဲ့တဲ့အတွက် မန္တလေးအခြေစိုက် အမျိုးဘာသာသာသနာ စောင့်ရှောက်ရေးအဖွဲ့က မွန်းတည့်နေဂျာနယ်ကို တရားစွဲမယ်လို့ မစိုးရိမ်တိုက်သစ် ဆရာတော်တွေက ဒီနေ့ မိန့်ကြားပါတယ်။
မန္တလေး မစိုးရိမ်ကျောင်းတိုက်မှာ ဒီနေ့ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ ဦးဆောင်ဆရာတော် အရှင်က္ကန္ဒာစက္ကာဘိဝံသက တရားစွဲဆိုမယ့်အကြောင်း အခုလိုမိန့်ကြားပါတယ်။
“ဘာသာအချင်းချင်း စိတ်ဝမ်းကွဲစေနိုင်တဲ့ သတင်းဖော်ပြမှုမျိုး သံဃာတော်တွေနဲ့ ဗုဒ္ဓဘာသာဝင်တွေ စိတ်ဝမ်းကွဲအောင် တမင်တကာ စေတနာဆိုးနဲ့ လုပ်ဆောင်တဲ့ အလုပ်မျိုးတွေ မလုပ်ကြပါနဲ့၊ မီဒီယာတာဝန်ရှိတဲ့ ပုဂ္ဂိုလ်တွေက ဒီအဖွဲ့ကို တောင်းပန်ပါလို့ တောင်းဆိုတယ်၊ သူတို့ကျင့်ဝတ်ဟာ တရားဥပဒေနည်းလမ်း အရ မညီညွှတ်တဲ့အတွက် သူတို့ရဲ့တုန့်ပြန်မှုကို ကြည့်ပြီးတော့ တရားရေးရာကိစ္စကို ဆောင်ရွက် သင့်ရင် ဆောင်ရွက်ပါ့မယ်လို့ ရှေ့နေကြီးတို့က စောစောကဖြေသွားပါတယ်”
ဇန်နဝါရီလ ၁၉ ရက်နေ့က မွန်းတည့်နေဂျာနယ် မျက်နှာဖုံးမှာ "ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်ပါက အမျိုးဘာသာ၊ သာသနာ မှေးမှိန်စရာရှိသည်ဟုဆို" ဆိုပြီး ဆရာတော် အရှင်ဉာဏိဿရဓါတ်ပုံနဲ့ ဖေါ်ပြခဲ့ပါတယ်။ ဒါ့အပြင် ' ဒေါ်စုကို ဘယ်ခေတ် ဘယ်အခါနဲ့မှမတူတဲ့ သူရဲကောင်းအဖြစ် သတ်မှတ်ထားတယ်၊ ဒါပေမဲ့ ဒေါ်စုမှာ အုပ်ချုပ်ရေးအားနည်းတယ်။ ပြီးတော့ ဒေါ်စုက မြန်မာပြည်ရဲ့အထာနဲ့ မြန်မာပြည်ရဲ့အကြောင်းကို သိပ်မသိဘူး'လို့ ဆရာတော်အရှင်ဉာဏိဿရ က မိန့်ကြားကြောင်း ဖေါ်ပြခဲ့ပါတယ်။
အဲဒီလိုရေးသားချက်တွေဟာ ဆရာတော်ရဲ့ မိန့်ကြားချက် မဟုတ်ကြောင်း ၊ ပဋိပက္ခအသွင်ဆောင်တဲ့ အရေးအသားတွေ ဖြစ်နေကြောင်း ဆရာတော်တွေက မိန့်ပါတယ်။
ဆရာတော် ဦးဝီရသူကလည်း အဲဒီလို အရေးအသားတွေဟာ ဘာသာရေးပဋိပက္ခ အသွင်ဖြစ်အောင် လုပ်ဆောင်နေတာဖြစ်တယ်လို့ မိန့်ကြားပါတယ်။
“ဒီမီဒီယာက အခုလည်း မဟုတ်ဘူးဗျ၊ ဦးဇင်းဆိုရင် ဦးဝီရသူ ဦးဝီရသူဆိုပြီးတော့ စာမျက်နှာတိုင်းမှာ ကော်လံတိုင်းမှာ အပိုဒ်တိုင်းမှာ နာမည်တပ်ပြီးတော့ အကြမ်းဖက်သမားဖြစ်အောင် လူသတ်သမားဖြစ်အောင် ဖန်တီးရှင်အနေနဲ့ ဖြစ်အောင်ပေါ့ ရေးထားတာတွေ့ရပါတယ်၊ တစ်ဖက်သတ်ရပ်တည်ပြီးတော့ သက်သက်ကို မီဒီယာကို လက်နက်အဖြစ် အသုံးချနေတဲ့ မီဒီယာမှန်း တအားသိသာတယ်”
ဇန်နဝါရီလ ၁၉ ရက်နေ့က ရေးသားချက်နဲ့ပတ်သက်ပြီး မွန်းတည့်နေဂျာနယ်က အဲဒီသတင်းဟာ စာနယ်ဇင်းကျင့်ဝတ်နဲ့ မကိုက်ညီတဲ့သတင်းဖြစ်တာကြောင့် ပြန်လည်ရုတ်သိမ်းကြောင်း၊ ဆရာတော် အရှင်ဉာဏိဿရထံကိုလည်း ကန်တော့တောင်းပန်လျှောက်ထားပြီးဖြစ်ကြောင်း ကြေညာထားပါတယ်။