သတင်းမှားအတွက် တောင်းပန်ဖို့ မွန်းတည့်နေဂျာနယ်ကို NLD ပြောကြား
2014.02.19

ဖေဖော်ဝါရီ ၂၁ ရက်နေ့ နေ့စွဲနဲ့ထုတ်ဝေမယ့် မွန်းတည့်နေဂျာနယ် မျက်နှာဖုံးမှာ " ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်ရေး ဗြိတိန် စစ်တပ် ကူညီမည်ဟုဆို "ခေါင်းစဉ်နဲ့ဖေါ်ပြထားတဲ့ သတင်းဟာ လုံးဝမှန်ကန်မှုမရှိတဲ့အတွက် ဂျာနယ် တာဝန်ခံတွေအနေနဲ့ တရားဝင်တောင်းပန်ရမယ် လို့အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ် အမှုဆောင်ကော်မတီဝင် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဝင်းမြင့်က ဗုဒ္ဓဟူးနေ့ မနေ့က ပြောလိုက်ပါတယ်။
အဲဒီသတင်းကို တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေးကော်မတီ အတွင်းရေးမှူး ကပြောဆိုကြောင်းလဲ ရေးသားဖေါ်ပြထားတဲ့အတွက် အဲဒီကော်မတီရဲ့ အတွင်းရေးမှူးဟာ သူဖြစ်ကြောင်း၊ ဒီကိစ္စကို ဂျာနယ်က တရားဝင်မတောင်းပန်ရင် ဥပဒေအရ အရေးယူမှာဖြစ်ကြောင်း ဦးဝင်းမြင့် က ပြောပါတယ်။
"မွန်းတည့်နေမှာ ပါတဲ့ဟာက ကျနော်မပြောဘူး၊ ကျနော်လည်း မသိဘူး၊ ဥက္ကဌနဲ့ ဗြိတိန်ကလာတဲ့ ဧည့်သည်တွေ့တာ ကျနော်လည်းမပါဘူး၊ အဲတော့ မွန်းတည့်နေဂျာနယ်ဆိုတာ ရှိမှန်းတောင်မသိဘူး၊ ကျနော်နဲ့ အဆက်အစပ်မရှိဘူး၊ ကျနော့်ကိုလည်း တခါမှမမေးဘူး၊ အဲဒါကို မမေးဘဲနဲ့ အဲဒီလိုကြီးကို အဖွဲ့အစည်းနစ်နာအောင်၊ လူပုဂ္ဂိုလ် နစ်နာအောင်၊ နိုင်ငံရေးကို ရှုပ်ထွေးလာအောင် ထည့်လိုက်လို့ အဲဒါကို ကျနော်မပြောရကြောင်း ဂျာနယ်တွေခေါ်ပြီးတော့ လွှတ်တော်မှာ ရှင်းပြလိုက်တယ်၊ ပြီးတော့ မွန်းတည့်နေဂျာနယ်အနေနဲ့ ဝန်ချတောင်းပန်ရင်တောင်းပန်၊ မတောင်းပန်ရင် ဥပဒေအရ ဖြေရှင်းမယ်ဆိုပြီး ထုတ်ပြန်လိုက်တာ"
ဒီအကြောင်းနဲ့ပတ်သက်လို့ မွန်းတည့်နေဂျာနယ်ကို ဆက်သွယ်လို့မရသေးပါဘူးခင်ဗျာ။