အာဇာနည်နေ့ နိုင်ငံ့ခေါင်းဆောင်တွေ တက်ရောက်

ဒီနေ့ ကျရောက်တဲ့ နှစ် ၇၁ နှစ်မြောက် အာဇာနည်နေ့အခမ်းအနားကို ရန်ကုန်မြို့ အာဇာနည်ဗိမာန်မှာ ကျင်းပခဲ့ရာမှာ နိုင်ငံတော်ခေါင်းဆောင်တွေ စုံစုံလင်လင် တက်ရောက်ခဲ့ကြသလို တိုင်းဒေသကြီး နဲ့ ပြည်နယ်အသီးသီးမှာလည်း အာဇာနည်ခေါင်းဆောင်တွေကို ဂါရဝပြုတဲ့ အခမ်းအနားတွေ ကျင်းပကြပါတယ်။

ရန်ကုန်မြို့ အာဇာနည်ဗိမာန်တွင် ၂ဝ၁၈ ခုနှစ် ဇူလိုင်လ ၁၉ ရက်နေ့က ကျင်းပသည့် ၇၁ နှစ်မြောက် အာဇာနည်နေ့ အခမ်းအနားသို့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တက်ရောက်ပြီး ကျဆုံးသွားသည့် အာဇာနည်ခေါင်းဆောင်ကြီးများကို ဂါရဝပြုစဉ်။ Photo: Htet Arkar/RFA

ဒီနေ့ ကျရောက်တဲ့ နှစ် ၇၁ နှစ်မြောက် အာဇာနည်နေ့အခမ်းအနားကို ရန်ကုန်မြို့ အာဇာနည်ဗိမာန်မှာ ကျင်းပခဲ့ ရာမှာ နိုင်ငံတော်ခေါင်းဆောင်တွေ စုံစုံလင်လင် တက်ရောက်ခဲ့ကြသလို တိုင်းဒေသကြီးနဲ့ ပြည်နယ်အသီးသီး မှာလည်း အာဇာနည်ခေါင်းဆောင်တွေကို ဂါရဝပြုတဲ့ အခမ်းအနားတွေ ကျင်းပကြပါတယ်။

ရန်ကုန်မြို့  အာဇာနည်ဗိမာန်မှာ ကျင်းပတဲ့ အခမ်းအနားကို ဗိုလ်ချုပ်အောင်ဆန်းရဲ့သမီးဖြစ်သူ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် အာဇာနည်ခေါင်းဆောင်တွေရဲ့ မိသားစုဝင်တွေ တက်ရောက်ဂါရဝပြုပါတယ်။

ဒါ့အပြင် ဒုတိယသမ္မတ ၁ ဦးမြင့်ဆွေ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ လွှတ်တော်ဥက္ကဋ္ဌတွေလည်း တက်ရောက်ဂါရဝပြုခဲ့ပါတယ်။

မနက်ပိုင်းမှာ အာဇာနည်ခေါင်းဆောင် မိသားစုဝင်တွေ၊ နိုင်ငံတော်အစိုးရအကြီးအကဲတွေ ဂါရဝပြုပြီးနောက် ပြည်သူတွေကို ဝင်ရောက်ဂါရဝပြုခွင့် ပေးခဲ့ပါတယ်။

အာဇာနည်ခေါင်းဆောင် ၉ ဦး လုပ်ကြံခံရတဲ့အချိန် မနက် ၁ဝ နာရီ ၃၇ မိနစ်မှာတော့ ကျဆုံးသွားတဲ့ အာဇာနည်ခေါင်းဆောင်တွေအတွက် ဥသြဆွဲပြီး ဝမ်းနည်းခြင်းအထိမ်းအမှတ်နဲ့ ငြိမ်သက်ခဲ့ကြပါတယ်။

အလားတူ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်နဲ့ ဇနီး၊ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာခုံရုံး ဥက္ကဋ္ဌ ဦးမျိုးညွန့်၊ ပြည်ထောင်စုရွေး ကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးလှသိန်းနဲ့  ပြည်ထောင်စုဝန်ကြီးတွေဟာ နေပြည်တော်ကောင်စီ ဇမ္ဗူသီရိခန်းမမှာ ၇၁ နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ်အဖြစ် အာဇာနည်ခေါင်းဆောင်တွေကို ရည်စူးပြီး ဆရာတော် သံဃာတွေကို ဆွမ်းဆက်ကပ် လှူဒါန်းခဲ့ပါတယ်။

ရန်ကုန်မြို့ တက္ကသိုလ်ရိပ်သာလမ်းမှာရှိတဲ့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ နေအိမ် မှာလည်း အာဇာနည်နေ့အထိမ်းအမှတ် ဆွမ်းဆက်ကပ်လှူဒါန်းခဲ့ပါတယ်။

အာဇာနည်ခေါင်းဆောင်တွေ လုပ်ကြံခံခဲ့ရတဲ့ ရန်ကုန်မြို့က အတွင်းဝန်ရုံးနဲ့ ဗိုလ်ချုပ်ပြတိုက်လမ်းမှာရှိတဲ့ ဗိုလ်ချုပ်အောင်ဆန်း နေအိမ်ပြတိုက်မှာလည်း အများပြည်သူ လေ့လာကြည့်ရှုနိုင်ဖို့ ဒီနေ့မနက်ပိုင်းကစပြီး ဖွင့်လှစ်ထားပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org