သေဆုံးသူ အလုပ်သမားအတွက် လျော်ကြေးရလိုမှု

မလေးရှားနိုင်ငံမှာ တရားဝင် အလုပ်လုပ်နေတဲ့ မြန်မာ အလုပ်သမား တဦး တာဝန် ထမ်းဆောင်စဉ်မှာ မတော်တဆ ဖြစ်မှုကြောင့် ကွယ်လွန်ခဲ့ပြီးနောက် နှစ်နှစ်ကျော် ကြာမြင့်တဲ့ အထိ နစ်နာကြေး မရရှိတဲ့ အတွက် အိုင်အယ်လ်အို အပြည်ပြည် ဆိုင်ရာ အလုပ်သမား အဖွဲ့ချုပ်ကို တိုင်ကြားလိုက်တယ်လို့သတင်းရရှိပါတယ်။

မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့ရှိ နိုင်ငံခြား အလုပ်သမားများ နေထိုင်ရာ အဆောင်တခု ဖြစ်ပါသည်။ (Photo: AFP) (Photo: AFP)

မွန်ပြည်နယ် သိမ်ဆိပ်တိုက်နယ် မရမ်းကုန်း ကျေးရွာနေ ဦးစံသွင်ရဲ့ သားဖြစ်သူ မောင်ဝင်းမျိုးလတ် ဟာ မလေးရှား နိုင်ငံမှာ မြန်မာနိုင်ငံကူး လက်မှတ် ကိုင်ဆောင်ပြီး ကွာလါလမ်ပူမြို့ Putra Perdana ဆောက်လုပ်ရေး လုပ်ငန်းအောက်ရှိ Hong Lee အလူမီနီယမ် မှန်ဘောင် တပ်ဆင်ရေး လုပ်ငန်းမှာ လုပ်ကိုင်နေစဉ် ၂၀၀၉ ခုနှစ် ဧပြီလ ၁၄ ရက် မှာ ကွယ်လွန်ခဲ့တာပါ။

အလုပ်ချိန်မှာ ဖြစ်ပွါးခဲ့တဲ့ မတော်တဆမှုကြောင့် ဒဏ်ရာရပြီး ဆေးရုံမှာ သေဆုံးခဲ့တာ ဖြစ်ကြောင်း၊ မလေးရှားရှိ မြန်မာ သံရုံးက ဆောင်ရွက်ပေးမယ် ဆိုပေမဲ့ အခု ၃ နှစ်နီးပါးရောက်လာချိန် အထိ ဘာမှ မရရှိကြောင်း ဖခင်ဖြစ်သူ ဦးစံသွင်က ပြောပြပါတယ်။

မလေးရှားနိုင်ငံရှိ မြန်မာ သံရုံးက လိုအပ်သလို ဆက်လက် ဆောင်ရွက်နိုင်ဖို့ အတွက် နိုင်ငံခြားရေး ဝန်ကြီးဌာနက တဆင့် ကိုယ်စားလှယ်လွှဲစာကို တောင်းခံလာလို့ ၂၀၁၀ ခုနှစ် ဇန်နဝါရီလ ၂၇ ၇က်နေ့တွင် နိုတြီ ပတ်ဗလစ် ပြုလုပ်ပြီး နေပြည်တော်မှာ သွားရောက် ပေးအပ်ခဲ့ပြီးပြီ လို့လည်း သိရပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး အိုင်အယ်လ်အို ကို အကူအညီ တောင်းခံခဲ့ပြီး၊ အလုပ်သမား ဝန်ကြီးဌာန ကိုလည်း မိတ္တူ ပေးပို့ခဲ့တဲ့ အတွက် ပြီးခဲ့တဲ့ ရက်ပိုင်း အတွင်း ဖခင်ဖြစ်သူ ဦးစံသွင်ကို မွန်ုပြည်နယ် အလုပ်သမား ညွှန်ကြားမှု ဦးစီးဌာနက ခေါ်ယူ တွေ့ဆုံခဲ့သလို ဆောင်ရွက်ပေးမှာ ဖြစ်တဲ့အကြောင်း ပြောဆိုခဲ့တယ်လို့ ဦးစံသွင်က ပြောပြပါတယ်။

မောင်ဝင်းမျိုးလတ် အလုပ်လုပ်ကိုင်ရာ လုပ်ငန်းခွင် ပိုင်ရှင် Putra Perdana ဆောက်လုပ်ရေးကို RFA က ဆက်သွယ် မေးမြန်းရာမှာတော့ တိတိကျကျ ပြန်ကြားခြင်း မရှိပဲ လုပ်ငန်းခွင်မှာ သေဆုံးသူ အလုပ်သမားများ စာရင်းမှာ မောင်ဝင်းမျိုးလတ် နံမည်ကို မတွေ့ရှိရဘူးလို့သာ အီးမေးက တဆင့် ဖြေကြားပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org