လွိုင်ကော်မှာ စစ်ကောင်စီလက်နက်ကြီးကြောင့် တစ်ဦးသေဆုံး၊ နှစ်ဦး ဒဏ်ရာရ

စက်တင်ဘာ ၂၁ ရက်နေ့ နေ့လယ် တစ်နာရီကလည်း လွိုင်ကော်မြို့နယ် ဆောင်ကန်း (ရှမ်း) ရွာက နေအိမ်တစ်လုံးအပေါ်ကို လက်နက်ကြီးကျတာကြောင့် အသက် ၆၀ အရွယ် အမျိုးသားတစ်ဦး သေဆုံးခဲ့ရပါတယ်။

၂ဝ၂၂ ခုနှစ် စက်တင်ဘာလ ၂၉ ရက်နေ့က လက်နက်ကြီးထိမှန်သဖြင့် ပျက်စီးသွားသည့် ကယားပြည်နယ်၊ လွိုင်ကော်မြို့နယ် ကုန်းသာကျေးရွာက နေအိမ်အား တွေ့ရစဉ်။ ဓာတ်ပုံ - ကရင်နီလူ့အခွင့်ရေးအဖွဲ့

ကယားပြည်နယ် လွိုင်ကော်မြို့နယ် ကုန်းသာကျေးရွာမှာ စက်တင်ဘာလ ၂၇ရ က်နေ့ ညနေ သုံးနာရီဝန်းကျင်မှာ ကျေးရွာနေအိမ်တစ်လုံးပေါ်ကို လက်နက်ကြီးကျတာကြောင့် အသက် ၅၅ နှစ်အရွယ် အမျိုးသမီးတစ်ဦးသေဆုံးခဲ့ပြီး အသက် ၅၀ ဝန်းကျင် အမျိုးသမီးတစ်ဦးနဲ့ အမျိုးသားတစ်ဦး ဒဏ်ရာရခဲ့တယ်လို့ ကရင်နီလူ့အခွင့်ရေးအဖွဲ့ ညွှန်ကြားရေးမှူး ကိုဗညားက RFA ကိုပြောပါတယ်။

ဒဏ်ရာရသွားတဲ့ အမျိုးသားဟာလည်း အသက်အန္တရာယ် စိုးရိမ်ရတဲ့အခြေအနေရှိတယ်လို့ ဆိုပါတယ်။

“လွိုင်ကော်မြို့၊ လွိုင်တမူး စစ်တပ်ကုန်းကနေ ပစ်တာပေါ့နော်။ အဲဒါလွိုင်ကော် ကုန်းသာကျေးရွာ ရပ်ကွက်သုံး မှာရှိတဲ့ နေအိမ်ကို ထိသွားတာ။ အမျိုးသမီးတစ်ယောက်ကတော့နေရာမှာပဲ ဆုံးသွားတယ်”

အဲဒီတပ်စခန်းကုန်းဟာ စစ်ကောင်စီရဲ့(ခလရ-၂၅၀)တပ် ရှိတဲ့ နေရာလည်းဖြစ်တယ်လို့ ကိုဗညားက ပြောပါတယ်။

လွိုင်ကော်မြို့နယ် ကယန်းသာယာလမ်းခွဲမှာ ရှိတဲ့ စစ်ကောင်စီတပ်စခန်းကို ကရင်နီပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (KNDF B-02,B-12,B-14)၊ ကရင်နီတပ်မတော် (KA) ၊လွိုင်ကော်ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့၊ အလယ်ပိုင်းတိုင်းအထူးစစ်ဆင်ရေးအဖွဲ့၊ USSFU မဟာမိတ်တပ်ပေါင်းစု ပူးပေါင်းတပ်ဖွဲ့ဝင်တွေက စက်တင်ဘာလ ၂၇ ရက်နေ့မှာ စနိုက်ဘာစစ်ဆင်ရေး ပြုလုပ်ခဲ့တာမှာ စစ်ကောင်စီဘက်က ခြောက်ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ကရင်နီပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ဗဟိုပြန်ကြားရေးတာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

မနက် ၁၀နာရီကနေ နေ့လယ်တစ်နာရီအထိ တိုက်ပွဲဖြစ်ခဲ့ပြီးနောက်ပိုင်း စစ်ကောင်စီတပ်က ညနေပိုင်း သုံးနာရီကနေ လက်နက်ကြီးတွေနဲ့ နီးစပ်ရာနေရာတွေကို ပစ်ခတ်ခဲ့တယ်လို့ ဆိုပါတယ်။

ကရင်နီလူ့အခွင့်ရေးအဖွဲ့နဲ့ ကရင်နီပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ရဲ့ ထုတ်ပြန်ပြောဆိုမှုနဲ့ ပတ်သက်လို့ စစ်ကောင်စီဘက်က ပြန်လည်တုံ့ပြန်ပြောဆိုတာ သတင်းထုတ်ပြန်တာ မရှိသလို စစ်ကောင်စီရဲ့ကယားပြည်နယ်ပြောခွင့်ရ သူကို RFA က မနေ့ညနေပိုင်းမှာ ဖုန်းနဲ့ ဆက်သွယ်မေးမြန်းခဲ့ပေမယ့် လက်ခံဖြေဆိုတာ မရှိပါဘူး။

စက်တင်ဘာ ၂၁ ရက်နေ့ နေ့လယ် တစ်နာရီကလည်း လွိုင်ကော်မြို့နယ် ဆောင်ကန်း (ရှမ်း) ရွာက နေအိမ်တစ်လုံးအပေါ်ကို လက်နက်ကြီးကျတာကြောင့် အသက် (၆၀) အရွယ် အမျိုးသားတစ်ဦး သေဆုံးခဲ့ရပါတယ်။ အဲဒီနေ့မှာပဲ လွိုင်ကော်မြို့နယ် ထီးဖိုးကလိုးကျေးရွာက နေအိမ်နှစ်လုံး လက်နက်ကြီးထိမှန်ပျက်စီးခဲ့တယ်လို့ ကရင်နီလူ့အခွင့်ရေးအဖွဲ့က ထုတ်ပြန်ပါတယ်။

ကယားပြည်နယ်နဲ့ ရှမ်းပြည်တောင်ပိုင်း မိုးဗြဲမြို့နယ်အတွင်းမှာ စက်တင်ဘာလ ၉ ရက်နေ့က ၂၇ ရက်နေ့အထိ စစ်ကောင်စီတပ်က ပစ်ခတ်တဲ့ လက်နက်ကြီးကြောင့် ကလေးငယ် သုံးဦး အပါအဝင် အရပ်သား ခုနစ်ဦး သေဆုံးခဲ့ပြီး ၂ဝ ဝန်းကျင် ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ကရင်နီအရပ်ဘက်အဖွဲ့အစည်းတွေရဲ့ စာရင်းတွေမှာ ဖော်ပြထားပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org