လက်ပန်းတောင်းတောင် ဒဏ်ရာရ ဆရာတော်ကုသစားရိတ် အစိုးရပေးမည်
လက်ပန်းတောင်းတောင် သပိတ်စခန်းဖြိုခွဲမှုမှာ ဒဏ်ရာအပြင်းအထန်ရရှိလို့ ထိုင်းနိုင်ငံ ဘန်ကောက်မြို့၊ ဘန်ကောက်ဆေးရုံကြီးမှာ ဆေးဝါးကုသမှုခံယူနေရတဲ့ ဆရာတော်ဦးတိက္ခဉာဏရဲ့ ဆေးဝါးကုသစားရိတ် အကုန်လုံးကို မြန်မာအစိုးရက ကျခံမယ်လို့ ကတိပေးလိုက်ကြောင်း သိရပါတယ်။
-
2012-12-24 -
-
-
ဆရာတော်ဦးတိက္ခဉာဏရဲ့ ဆေးဝါးကုသစားရိတ်ဟာ ခန့်မှန်းခြေ ဘတ်ငွေသန်း(၂၀) ခန့်ကုန်ကျမယ်လို့ သိရပါတယ်။
ဒီကနေ့မနက်က လက်ပံတောင်းတောင် စုံစမ်းစစ်ဆေးရေးကော်မရှင် အတွင်းရေးမှူး ဦးကျော်တင့်ဆွေက ဆရာတော်ရဲ့သားဖြစ်သူ ဒေါက်တာ နေသူရိန်ထံ ဖုန်းဆက်ပြီး အစိုးရက ကုန်ကျငွေအားလုံးကို တာဝန်ယူမယ်လို့ အကြောင်းကြားလာတာဖြစ်ကြောင်း ဒေါက်တာ နေသူရိန်က RFA ကို ပြောပါတယ်။
“စုံစမ်းရေးကော်မရှင် အတွင်းရေးမှူး ဦးကျော်တင့်ဆွေက ပြောပေးတာပါ၊ အဲဒီအတွက် ကျနော်လည်း သူတို့ကို ကျေးဇူးတင်ပါတယ်ဗျာ၊ ဒီလိုကုန်ကျမယ့် အများကြီးကိုလေ ဒီစုံစမ်းရေး ကော်မရှင်ကနေပြီးတော့လေ အကုန်လုံးကိုစေတနာနဲ့ ကူညီသွားပေးတာ တကယ်လည်းကျေးဇူးတင်တယ်။အဲဒါ ကျနော်လေ ဒီဘုန်းဘုန်းကြီးကို သက်သာတဲ့အထိ ဘန်ကောက်ဆေးရုံမှာပဲ ထားပြီးတော့မှ သက်သာပြီဆိုတဲ့ အချိန်ကြမှပဲ တကယ်လို့ ဘုန်းဘုန်းကြီးရဲ့ စိတ်ဆန္ဒအတိုင်း ဖြစ်ချင်တယ်ဆိုရင် အပြင်ဆေးရုံကို ရွှေ့ပါလို့ ပြောပါတယ်”
ဒီကနေ့နေ့လည်အထိ ဆေးဖိုးဝါးခနဲ့ ပတ်သက်လို့ မြန်မာအစိုးရဆီက တစုံတရာအကြောင်းပြန်ကြားမှု မရှိရင် ထိုင်း ဘုရင့်ဆေးရုံကို သွားရောက်အကူအညီတောင်းပြီး ဆက်လက်ကုသဖို့ စီစဉ်ထားခဲ့ကြောင်း ဒေါက်တာနေသူရိန်က ပြောပါတယ်။
ဆရာတော် ဦးတိက္ခဉာဏရဲ့ ဆေးဝါးကုသစားရိတ်ဟာ ဒီဇင်ဘာလ(၂၁)ရက်နေ့အထိဆိုရင် ဘတ်ငွေ(၂)သန်း (၃)သောင်းကျော် ကုန်ကျခဲ့ပါတယ်။ ဆရာတော်ကို လက်မောင်းမှာ အသားအစားထိုး ကုသမှု စတင်နေပေမယ့် ခန္ဒာကိုယ် အစိတ်အပိုင်းတချို့မှာ ကျန်ရှိတဲ့ပိုးကို ဆက်လက် ကုသနေရဆဲဖြစ်တယ်လို့ ဆိုပါတယ်။
ဒီလိုအစိုးရက ထောက်ပံ့မှုဖြစ်အောင် (၈၈)မျိုးဆက်ကျောင်းသားများကလည်း ကြားဝင်ဆောင်ရွက် ပေးခဲ့တယ် လို့လည်း ဘန်ကောက်မြို့မှာ ခေတ္တ သတင်းသုံးနေတဲ့ ရွှေညဝါဆရာတော်က မိန့်ပါတယ်။
ဒီကနေ့ညနေမှာလည်း ရွှေညဝါဆရာတော်ဟာ ဆရာတော် ဦးတိက္ခဉာဏ ဆေးဝါးကုသစားရိတ်အတွက် တတိယအကြိမ်မြောက်အဖြစ် ဘတ်ငွေ(၅)သောင်းကို တရားဟော ကြားလို့ရတဲ့ နဝကမ္မ ငွေထဲက ပေးလှူခဲ့ပါတယ်။