လက်ပံတောင်း အကြမ်းဖက်ဖြိုခွင်းမှု ၆ လပြည့် ဆန္ဒပြ
လက်ပံတောင်းတောင် သပိတ်စခန်း ဖြိုခွင်းခံရမှု ၆ လပြည့်မြောက်တဲ့ အထိမ်းအမှတ်အဖြစ် စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်၊ လက်ပံတောင်းတောင်ဒေသမှာ အင်အားရာချီရှိတဲ့ ဒေသ ခံတွေ ဒီကနေ့ လမ်းလျှောက်ဆန္ဒပြခဲ့ကြပါတယ်။
-
2013-05-29 -
-
-
Your browser doesn’t support HTML5 audio
လက်ပံတောင်းတောင် သပိတ်စခန်း ဖြိုခွင်းခံရမှု ၆ လပြည့်မြောက်တဲ့ အထိမ်းအမှတ်အဖြစ် စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်၊ လက်ပံတောင်းတောင်ဒေသမှာ အင်အားရာချီရှိတဲ့ ဒေသခံတွေ ဒီကနေ့ လမ်းလျှောက်ဆန္ဒပြခဲ့ကြပါတယ်။
လက်ပံတောင်းတောင်ဒေသ တုံရွာထိပ်ကနေ မုံရွာမြို့ ထန်းတောရွာအထိ လမ်းလျှောက်ဆန္ဒပြခဲ့တာနဲ့ ပတ်သက်လို့ ဆန္ဒပြပွဲမှာပါဝင်တဲ့ မစန္ဒာက အခုလိုပြောပါတယ်။
“ဒီကနေ့ဆန္ဒပြတာကတော့ သံဃာတော်များ မီးလောင်ဗုံးနဲ့ အပစ်ခံရတဲ့ ၆ လပြည့် အထိမ်းအမှတ်အနေနဲ့ ကျမတို့လမ်းလျှောက်ဆန္ဒပြပွဲကို ကျင်းပတယ်ရှင့်၊ လက်ပံတောင်းတောင် ကြေးနီစီမံကိန်းကို လုံးဝဖျက်သိမ်းရေး၊ ပုဒ်မ ၁၄၄ ဖျက်သိမ်းပေးရေး၊ မီးလောင်ဗုံးတရားခံများကို ဖော်ထုတ်အရေးယူပေးရေး၊ ဝမ်ပေါင်နဲ့ ဦးပိုင်အလိုကျ ထုတ်ပြန်ထားတဲ့ဥပဒေများ ရုပ်သိမ်းပေးရေး၊ လက်ပံတောင်းတောင် ကြေးနီစီမံကိန်းကြောင့် အဖမ်းခံရတဲ့သူများနဲ့ ဝရမ်းထုတ်ခံထားရတဲ့သူများကို ရုပ်သိမ်းရေး အဲအချက်တွေကို တောင်းဆိုပါတယ်”
ဆန္ဒပြပွဲကို ညနေသုံးနာရီက စတင်ခဲ့တာဖြစ်ပြီး အာဏာပိုင်တွေရဲ့ ခွင့်ပြုချက်နဲ့ ဆန္ဒပြခဲ့တာလို့ သိရပါတယ်။
ပြည်မြို့ ရှမ်းကုန်းကျေးရွာ ဘုရားမှာလည်း နိုင်ငံရေးအင်အားစုတွေနဲ့ လယ်သမားအင်အား ၂၀၀ လောက်က လက်ပံတောင်းသပိတ်စခန်းဖြိုခွင်းမှု ၆ လပြည့် ဆုတောင်းပွဲကို ပြုလုပ်ခဲ့ကြတယ်လို့ သိရပါတယ်။
အဲဒီအပြင် မိတ္ထီလာမြို့ ရှင်မြင်တင်ဘုရားမှာလည်း မိတ္ထီလာ၊ သာစည်နဲ့ ဝမ်းတွင်းတို့က ပြည်သူ့အကျိုးဆောင်ကွန်ရက်အဖွဲ့ဝင် ၃၀ လောက်က လက်ပံတောင်းသပိတ်စခန်းဖြိုခွင်းမှု ၆ လပြည့်ဆုတောင်းပွဲ ပြုလုပ်ခဲ့တယ်လို့ မိတ္ထီလာ ပြည်သူ့အကျိုးဆောင်ကွန်ရက်တာဝန်ခံ ဒေါ်မြင့်မြင့်အေးက ပြောပါတယ်။
လက်ပံတောင်းတောင် ကြေးနီးစီမံကိန်းဖျက်သိမ်းရေး ဆန္ဒပြပွဲအကြမ်းဖက်ဖြိုခွဲခံရမှု ၆ လပြည့်အဖြစ် လက်ပန်းတောင်းတောင်ဒေသအပါအဝင်၊ ရန်ကုန်နဲ့ မိတ္ထီလာမြို့တွေမှာ ဒီကနေ့ပြုလုပ်ခဲ့တဲ့ ဆန္ဒပြပွဲတွေနဲ့ ပတ်သက်လို့ RFA ဝိုင်းတော်သား ကိုနေရိန်ကျော်ရဲ့ စုစည်းတင်ပြချက်ကို နားဆင်နိုင်ပါတယ်။