ဒီးမော့ဆိုမှာ မြေမြှုပ်မိုင်းကြောင့် ကလေးတစ်ဦး သေဆုံး
ကယားပြည်နယ် (ကရင်နီပြည်)၊ ဒီးမော့ဆိုမြို့နယ် ပူဖားရွာအနီးမှာ ကလေးတစ်ဦး မြေမြှုပ်မိုင်း နင်းမိတာကြောင့် သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
-
RFA Burmese
2024-04-29 -
-
-
ကယားပြည်နယ် (ကရင်နီပြည်)၊ ဒီးမော့ဆိုမြို့နယ် ပူဖားရွာအနီးမှာ ဧပြီလ ၂၈ ရက် မနက်ပိုင်းက ကလေးတစ်ဦး မြေမြှုပ်မိုင်း နင်းမိတာကြောင့် သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
သေဆုံးသူဟာ အသက် ၁၄ နှစ်အရွယ် ယောက်ျားလေးဖြစ်ပြီး ပူဖားရွာအနီးမှာ နွာကျောင်းနေချိန် မိုင်းနင်းမိခဲ့တာလို့ ကရင်နီ လူ့အခွင့်အရေးအဖွဲ့ကလည်း ဧပြီလ ၂၉ ရက်မနေ့က သတင်းထုတ်ပြန်ထားပါတယ်။
ကရင်နီ လူ့အခွင့်အရေးအဖွဲ့ တည်ထောင်သူ ကိုဗညားကတော့ နေရပ်စွန့်ခွာတဲ့ စစ်ဘေးဒုက္ခသည်တွေ နေရပ်ပြန်ပြီးနေထိုင်ချိန် မိုင်းနင်းမိခဲ့တာလို့ RFA ကို ပြောပါတယ်။
“နေရပ်စွန့်ခွာရာကနေ ၂၀၂၃ နှစ်ကုန်ပိုင်းလောက်မှာ နေရပ်ပြန်လာပြီး နေထိုင်ကြတယ်။ အဲဒီက ဒေသခံတွေပေါ့။ ဒီဒေသတစ်ခွင်မှာ မိုင်းနင်းမိတာ အနည်းဆုံး ဆယ်ယောက်ဝန်းကျင် ရှိတယ်။ အခုတစ်ယောက်တော့ သေဆုံးတာပေါ့”
ကယားပြည်နယ်ထဲက စစ်ကောင်စီတပ်အခြေချ၊ တပ်စွဲခဲ့တဲ့တပ်စခန်း၊ ဘုရားကျောင်းနဲ့ နေအိမ် စုစုပေါင်းနေရာ နှစ်ရာနီးပါးမှာ မြေမြှုပ်မိုင်းတွေ ရှိနေပြီး ဒါတွေကို လက်တလော ရှင်းလင်းဖို့ အခက်အခဲ ရှိနေသေးတယ်လို့ ဆိုပါတယ်။
ဒါကြောင့် ကယားပြည်နယ် (ကရင်နီပြည်) ထဲမှာ မြေမြှုပ်မိုင်းအန္တရာယ်က ပိုပြီးမြင့်မားလာနိုင်တယ်လို့လည်း ကိုဗညားက ပြောပါတယ်။
ဒီကိစ္စနဲ့ပတ်သက်ပြီး စစ်ကောင်စီရဲ့ ကယားပြည်နယ်ပြောခွင့်ရသူ လက်ထောက်ညွှန်ကြားရေးမှူး ဦးဇာနည်မောင်ကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေဆိုခြင်း မရှိပါဘူး။
စစ်တပ်အာဏာသိမ်းပြီးနောက် နိုင်ငံတစ်ဝန်း လက်နက်ကိုင် ခုခံတော်လှန်မှုတွေနဲ့အတူ မြေမြှုပ်မိုင်းကြောင့် အရပ်သား ထိခိုက်မှုတွေလည်း ပိုပြီးတိုးလာနေပါတယ်။
ကုလသမဂ္ဂ ကလေးများ ရန်ပုံငွေအဖွဲ့ (UNICEF Myanmar) ရဲ့ ၂၀၂၄ ခုနှစ်၊ ဧပြီလ ၃ ရက်ထုတ်ပြန်ချက်အရ ၂၀၂၃ ခုနှစ်အတွင်း နိုင်ငံတစ်ဝန်း မြေမြှုပ်မိုင်းနဲ့ စစ်လက်နက် အကြွင်းအကျန်ကြောင့် အရပ်သား ၁၈၈ ဦး သေဆုံးခဲ့ပါတယ်။