ကမ္မမြို့မှ မြေသိမ်းခံ လယ်သမားအမှု မင်းလှတရားရုံးသို့ ပြောင်းရွှေ့စစ်ဆေး

မကွေးတိုင်း၊ ကမ္မမြို့နယ် စစ်စရံကျေးရွာက လယ်မြေ အသိမ်းခံရတဲ့ လယ်သမား ကိုသန်းဦးတို့အပေါ် စွပ်စွဲထားတဲ့ အမှုကို မကွေးတိုင်း အထက်မင်းလှ တရားရုံးမှာ မေလ ၄ ရက်နေ့က စွဲချက်တင်ခဲ့သလို၊ အကြမ်းဖက်တိုက်ခိုက်မှု ကျူးလွန်တဲ့ မြန်မာ့ဦးပိုင် လီမီတက် တာဝန်ရှိသူတွေကို ကိုသန်းဦးတို့ဖက်က တရားစွဲဆိုထားတဲ့ အမှုကိုလည်း တရားရုံးက စတင် လက်ခံ စစ်ဆေးကြောင်း သတင်းရရှိပါတယ်။

လယ်ထွန်နေတဲ့ လယ်သမားသားအဖကို တွေ့ရစဉ် AFP

ကိုသန်းဦးတို့ဖက်က စွဲဆိုထားတဲ့အမှုမှာ အဓိက တရားခံတွေအဖြစ် စွပ်စွဲခံထားရတဲ့ မြန်မာ့ ဦးပိုင်လီမီတက်က တာဝန်ရှိသူ ဗိုလ်မှူးဟောင်း ဦးဝင်းမြင့်နဲ့ အခြားဗိုလ်မှူး ဗိုလ်ကြီးဟောင်းတွေရဲ့ အမည်တွေ ပါမလာပဲ၊ ယဉ်မောင်း ဇာနည်အောင်နဲ့ အခြးတဦးကိုသာ အဓိကတရားခံ အဖြစ် ကမ္မမြို့နယ် ရဲတပ်ဖွဲ့က တရားရုံး မှာ တင်သွင်းထားကြောင်း သိရပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်ပြီး ဒေသခံ မျက်မြင်သက်သေတဦးက အခုလို ပြောပြပါတယ်။

“ရဲက တင်ပေးတဲ့အခါမှာလည်း အဲဒါ ပြဿနာ ရှိတယ်။ ကျွန်တော်တို့ ၂၄ ရက်နေ့ ရက်စွဲနဲ့ ကျွန်တော်တို့ သွားပြီးတော့ ကမ္မမြို့နယ် ရဲစခန်းကို သွားပြီးတော့ ကျွန်တော်တို့ အမှုဖွင့် တိုင်ချက်ဖွင့်တယ်ပေါ့ဗျာ။ ရဲက ပထမဦးဆုံး တိုင်ချက်ကို လက်မခံဘူးဗျ။ တိုင်ချက်ကို လက်မခံတော့ ခင်ဗျား ဒီမှာတဲ့ တိုင်ချက်ထဲမှာတဲ့၊ ဒီ ဗိုလ်မှူး ဗိုလ်မှူး ဗိုလ်မှူးတွေ ပါနေတယ်ပေါ့နော်။ ခင်ဗျား မသကာဆိုရင် ဟို ဇာနည်အောင်နဲ့ ဘယ်သူဆိုပြီးတော့ ခင်ဗျားတို့ ထည့်ပါလား ဘာညာကွိကွပေါ့၊ သူပြောတယ်။”

“ကျွန်တော်တို့ သူ အဲဒီကိစ္စမှာ ပါတယ် မပါဘူးဆိုတာ ကျွန်တော်တို့ မသိဘူး။ ကျွန်တော်တို့ သေချာပေါက် သိတဲ့ ပါတဲ့လူကတော့ စက်ရုံ စီမံကိန်းရဲ့ ဒါ အကြီးဆုံးလို့ ပြောရမှာပေါ့ဗျာ၊ ဗိုလ်မှူး ဝင်းမြင့်၊ ဗိုလ်မှူး မျိုးဆွေ၊ ဗိုလ်မှူး ထွဋ်ခိုင်၊ နောက်ပြီးတော့ ဗိုလ်မှူး မိုးဇက်၊ နောက်ပြီးတော့ ဗိုလ်မှူး ခင်မောင်အေး၊ နောက်က သူတို့ အခြေစိုက်ရုံး မန်နေဂျာ ဂျိုကာဆိုတာ ရှိတယ်ဗျ။ ပြီးတော့မှ ဒု မန်နေဂျာ ဦးမြအောင်ပေါ့နော်။ သူတို့က ဒါ အဓိက စီစဉ်တာ။”

ကမ္မမြို့နယ် စစ္စရံရွာအနီး ဧက ထောင်နဲ့ချီတဲ့ လယ်မြေတွေအတွင်း မြန်မာ့ဦးပိုင် လီမီတက်က ကော့စတစ် စက်ရုံဆောက်ဖို့ မြေနေရာတွေကို အတင်း ဝင်ရောက် သတ်မှတ်ခဲ့ပါတယ်။ ထူး ဆောက်လုပ်ရေး ကုမ္ပဏီက ဆောက်လုပ်ရေးလုပ်ငန်းတွေ စတင် လုပ်ဆောင်လာတဲ့အတွက် ပျက်စီဆုံးရှုံးရတဲ့ လယ်ယာတွေအတွက် ကိုသန်းဦးနဲ့ အခြား လယ်သမား ၅ ဦးက မြန်မာ့ ဦးပိုင်လီမိတက် တာဝန်ရှိသူ ဗိုလ်မှူးဟောင်း ဦးဝင်းမြင့်ကို တရားစွဲဆိုခဲ့ပါတယ်။

အဲဒိနောက် ပြီးခဲ့တဲ့ မတ်လအတွင်းက ကိုသန်းဦး၊ ကိုအောင်လင်းနဲ့ အခြား လယ်သမားတွေကို မြန်မာ့ ဦးပိုင်လီမီတက်နဲ့ ထူး ဆောက်လုပ်ရေး ကုမ္ပဏီ အလုပ်သမားတွေက ဝိုင်းဝန်းရိုက်နှက်ခဲ့ပြီး၊ ကိုသန်းဦးတို့ကို နိုင်ငံတော် စီမံကိန်းအား နှောင့်ယှက်မှု၊ ပိုင်နက်ကျူးလွန်မှု စတဲ့ ပုဒ်မတွေနဲ့ တရားစွဲဆိုခဲ့တာ ဖြစ်ပါတယ်။

အဲဒီတုန်းက ဝိုင်းဝန်း ရိုက်နှက်ခဲ့တဲ့အတွက် ကိုသန်းဦး ဦးခေါင်းမှာ ၄ ချက်ချုပ်ခဲ့ရပြီး ကိုသန်းဦး ကိုအောင်လင်းတို့ကို တကိုယ်လုံး ထိုးကြိတ် ကန်ကျောက် ခံရတဲ့ဒဏ်တွေဟာ ဒီကနေ့အထိ ခံစားနေရသေးကြောင်း မျက်မြင်သက်သေတွေက RFA ကို ပြောဆိုခဲ့ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org