သာဓုကန်လယ်ယာမြေ လျော်ကြေးကိစ္စ ပြေလည်မှုမရသေး
ရန်ကုန်မြို့ ရွှေပြည်သာ သာဓုကန်ဒေသက လယ်သမား ၇၆ ဦးပိုင် လယ်ယာမြေတွေ သိမ်းယူခံထားရမှုနဲ့ ပတ်သက်လို့ သက်ဆိုင်ရာ ကုမ္ပဏီ ၄၀ က ပိုင်ရှင်တွေနဲ့ လယ်သမားကိုယ်စားလှယ် ၁၁ ဦးတို့ ဒီကနေ့ ဗဟန်းမြို့နယ်က M-3 စားသောက်ဆိုင်မှာ လျော်ကြေးကိစ္စ ညှိနှိုင်းခဲ့ကြရာမှာ ပြေလည်မှု မရခဲ့ဘူးလို့ RFA က စုံစမ်းသိရပါတယ်။
-
2012-08-23 -
-
-
လယ်သမားတွေက လယ်တစ်ဧကကို သိန်း ၅၀ ပေးဖို့ လျော်ကြေး တောင်းဆိုပေမယ့် ကုမ္ပဏီတွေဘက်က ၁၀ သိန်းပဲပေးဖို့ သဘောတူတာကြောင့် ညှိနှိုင်းလို့ မရဖြစ်သွားခဲ့တာလို့ အဲဒီညှိနှိုင်းဆွေးနွေးပွဲ တက်ရောက်ခဲ့တဲ့ တောင်သူကိုယ်စားလှယ် မထက်ထက်ဦးဝေက RFA ကို ပြောပါတယ်။
"ဒီနေ့တွေ့ဆုံပွဲ အခြေအနေက ကုမ္ပဏီပိုင်ရှင်တွေဘက်က ၁၀ သိန်းပေးနိုင်တယ်ပေါ့။ တစ်ဧကကို။ အဲလိုပြောပါတယ်။ ကျွန်မတို့ လယ်သမားတွေက ၁၀ သိန်းဆိုရင် မကျေနပ်နိုင်ဘူး။ ဒါကြောင့် သိန်း ၄၀ အထိတောင်းပါတယ်။ သိန်း ၄၀ အထိတောင်း တဲ့ အခါကျတော့ သူတို့က ပြန်ပြီးတော့ ညှိနှိုင်းပါဦးမယ်။ အိုးအိမ်က လူကြီးတွေကိုလည်း ပြန်ပြောပါဦးမယ် ဆိုပြီးတော့ သူတို့က အစည်းအဝေးကို နောက်တစ်ပတ် ရွှေ့ခိုင်းလိုက်တယ်"
အဲဒီတောင်သူ ၈၀ နီးပါးပိုင်တဲ့ လယ်မြေဧက ၅၀၀ ကျော်ကို သာဓုကန် စက်မှုဇုန် ၉၂ ၊ ၉၃ တည်ဖို့ဆိုပြီးတော့ မြို့ရွာနဲ့ အိုးအိမ်ဦးစီးဌာနက ၁၉၈၈ ခုနှစ်အတွင်း သိမ်းယူခဲ့ပြီးနောက် ပုဂ္ဂလိက ကုမ္ပဏီ ၄ ခုကို ပြန်လည် ချထားပေးခဲ့ပါတယ်။
နောက်ပိုင်းမှာ အဲဒီကုမ္ပဏီ ၄ ခုကနေ အခုလယ်သမားတွေနဲ့ ဆွေးနွေးနေတဲ့ ကုမ္ပဏီ ၄၀ ကို ပြန်လည် ရောင်းချခဲ့တာလို့ သိရတယ်။ ကုမ္ပဏီ ၄၀ က ပိုင်ရှင်တွေနဲ့ လယ်သမားတွေ ဒီကနေ့ တွေ့ဆုံမှုဟာ ၅ ကြိမ်မြောက်လို့လည်း သိရပါတယ်။