ကျောက်နီမော်တိုက်ပွဲမှာ စစ်ကောင်စီတပ်သား လေးဆယ်ခန့် သေဆုံးကြောင်း ကာကွယ်ရေးအဖွဲ့ပြော
လောင်းလုံးမြို့နယ် ကျောက်နီမော်ရွာ တိုက်ပွဲမှာ စစ်ကောင်စီတပ်သား လေးဆယ်ခန့် သေဆုံးကြောင်း လောင်းလုံးမြို့နယ်အခြေစိုက် ကာကွယ်ရေးတပ်ဖွဲ့တွေက RFA ကို ဇန်နဝါရီ ၆ ရက်နေ့မှာ ပြောပါတယ်။
-
RFA Burmese
2025-01-06 -
-
-
တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ် ကျောက်နီမော်ရွာ တိုက်ပွဲမှာ စစ်ကောင်စီတပ်သား လေးဆယ်ခန့် သေဆုံးကြောင်း လောင်းလုံးမြို့နယ်အခြေစိုက် ကာကွယ်ရေးတပ်ဖွဲ့တွေက RFA ကို ဇန်နဝါရီလ ၆ ရက် ဒီနေ့ ပြောပါတယ်။
ကျောက်နီမော်ရွာက စစ်ကောင်စီတပ်စခန်းတွေကို ထားဝယ်ခရိုင်အခြေစိုက် ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့က ဒီဇင်ဘာလ ၂၃ ရက်ကနေ ၂၇ ရက်အထိ ငါးရက်ကြာ ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီတပ်ရဲ့ ခြေမြန်တပ်ရင်း ခမရ (၄၀၅) တပ်ရင်းမှူးအပါအဝင် စစ်ကောင်စီတပ်နဲ့ ပျူစောထီး ပူးပေါင်းတပ်သားတွေ သေဆုံးခဲ့တာလို့ ဆိုပါတယ်။
သေဆုံးမှုတွေဟာ မြေပြင်တိုက်ပွဲ မျက်မြင်သတင်းပေးပို့ချက်တွေဖြစ်တယ်လို့ ကာကွယ်ရေးအဖွဲ့တွေက ပြောပေမဲ့ RFA က သီးခြားအတည်မပြုနိုင်သေးပါဘူး။
လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ ပြန်ကြားရေးတာဝန်ခံကတော့ နှစ်ဖက်တိုက်ပွဲဖြစ်ပြီးနောက် စစ်ကောင်စီတပ်ဘက်က စစ်ကြောင်းပြန်ထိုးလာတာရှိတယ်လို့ RFA ကို ပြောပါတယ်။
“ဒီနေ့ဆိုရင် အင်အား လေးဆယ်လောက်ပါတဲ့ စစ်ကောင်စီတပ် စစ်ကြောင်းက ရှမ်းမော်ဘက်ကနေ စစ်ကြောင်းထိုးလာတယ်။ ရွာတွေကို စီးနင်းတယ်။ ကျောက်နီမော်ရွာဘက်ကို ပြန်လာမယ်လို့ ခန့်မှန်းရပါတယ်။ လတ်တလော တိုက်ပွဲတော့ မရှိသေးဘူး”
ထားဝယ် မြစ်ဝမှာရှိတဲ့ ကျောက်နီမော်ရွာဟာ စီးပွားရေးနဲ့ စစ်ရေးအရ အရေးပါတဲ့ ဒေသတစ်ခုဖြစ်ပြီး စစ်ကောင်စီဘက်က လက်မလွှတ်ရရေး အပြင်းအထန်ထိုးစစ်ဆင်နေတယ်လို့လည်း ကာကွယ်ရေးအဖွဲ့တွေက ပြောပါတယ်။
ကျောက်နီမော်ရွာမှာ စစ်ကောင်စီရဲ့ ဆက်သွယ်ရေးတပ်စခန်းတစ်ခုရှိတဲ့အပြင် ရေလမ်းကြောင်းအတွက် စစ်ရေးဗျူဟာအရ ပြန်ထိန်းချုပ်ဖို့ ကြိုးပမ်းနေတာလို့ ဆိုပါတယ်။
ဒီအခြေအနေနဲ့ ပတ်သက်လို့ တုံ့ပြန်ချက်ရဖို့ စစ်ကောင်စီရဲ့ တနင်္သာရီတိုင်းပြောခွင့်ရသူ တိုင်းလူမှုရေးဝန်ကြီး ဦးသက်နိုင်ကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ပေမဲ့ ဖုန်းစက်ပိတ်ထားတာကြောင့် ဆက်သွယ်လို့ မရခဲ့ပါဘူး။
တိုက်ပွဲတွေဖြစ်ပြီးနောက် စစ်ကောင်စီတပ်က လောင်းလုံးမြို့နယ်ထဲကို ဆေးဝါးနဲ့ စားနပ်ရိက္ခာသယ်ယူခွင့် ကန့်သတ်လိုက်တယ်လို့ ဒေသခံတွေက ပြောပါတယ်။