ကျိုက်ထိုမှာ ဒေသခံတစ်ဦး ပစ်ခတ်ခံရပြီး သေဆုံး

ကျိုက်ထိုမြို့မှာ ကင်းလှည့်နေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ ပစ်ခတ်မှုကြောင့် ဒေသခံ အမျိုးသားတစ်ဦး သေဆုံးခဲ့ပါတယ်။

ကျိုက်ထိုမြို့ ကော့စံနိုင်ရပ်ကွက်တွင် စစ်ကောင်စီတပ် ပစ်ခတ်သဖြင့် သေဆုံးခဲ့သည့် ကိုစိုးမိုးဦး၏ ရုပ်အလောင်းအား ၂၀၂၄ ခုနှစ်၊ မေလ ၂၉ ရက်နေ့က တွေ့ရစဉ်။ ကော့စံနိုင် လူမှုကူညီရေးအသင်း

မွန်ပြည်နယ် ကျိုက်ထိုမြို့မှာ မေလ ၂၈ ရက်နေ့ညက ကင်းလှည့်နေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ ပစ်ခတ်မှုကြောင့် ဒေသခံ အမျိုးသားတစ်ဦး သေဆုံးခဲ့တယ်လို့ ကျိုက်ထိုမြို့ခံတွေက ပြောပါတယ်။

ကျိုက်ထိုမြို့ ကော့စံနိုင်ရပ်ကွက်မှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး စစ်ကောင်စီတပ်သားတွေ ကင်းလှည့်လာတာကို မြင်တာကြောင့် ထွက်ပြေးတဲ့ ဒေသခံလေးဦးကို ပစ်ခတ်ဖမ်းဆီးရာမှာ တစ်ဦးက သေဆုံးခဲ့တာလို့ ကျိုက်ထိုမြို့ခံတစ်ဦးက ပြောပါတယ်။

“သူတို့ လှည့်ကင်းလှည့်နေတဲ့အချိန် ခေါ်တာကို ထွက်ပြေးလို့ ပစ်လိုက်တာ။ ဖြစ်တာက ၁၀ နာရီမထိုးခင် သူတို့ လှည့်ကင်းလှည့်တယ်။ အဲဒီကောင်လေးတွေက လမ်းမမှာ အရက်ထိုင်သောက်နေကြတာ။ သူတို့ လှည့်ကင်းလာတဲ့အချိန် ကြောက်ကြောက်နဲ့ ထပြေးကြတာ။ အဲဒါကို သူတို့က ပစ်လိုက်တာ။ လည်ပင်းကို တည့်တည့်ထိသွားတယ်”

သေဆုံးသူက အလယ်ဝိမလရွာက အသက် ၂၉ နှစ်အရွယ် ပန်းရံအလုပ်သမား ကိုစိုးမိုးဦး ဖြစ်ပါတယ်။ မေလ ၂၉ ရက်နေ့မှာတော့ သေဆုံးသွားခဲ့တဲ့ ကိုစိုးမိုးဦးရဲ့ ရုပ်အလောင်းကိုလာထုတ်ဖို့ အကြောင်းကြားခဲ့ပြီး ဖမ်းဆီးသွားခဲ့တဲ့ လူငယ် သုံးဦးကိုလည်း ပြန်လွှတ်ပေးခဲ့တယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ မတ်လ ၁၁ ရက်နေ့ကလည်း ကျိုက်ထိုမြို့နယ်အတွင်းက သံတံတားရွာအနီးမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက လမ်းသွားလမ်းလာတွေကို ပစ်ခတ်ခဲ့တာကြောင့် ဒေသခံ ပြည်သူနှစ်ဦး သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒီအခြေအနေတွေနဲ့ ပတ်သက်လို့ စစ်ကောင်စီရဲ့ မွန်ပြည်နယ် ပြောခွင့်ရသူ ပြည်နယ်သယံဇာတဝန်ကြီး ဒေါက်တာ အောင်မြတ်ကျော်စိန်ကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေဆိုတာ မရှိပါဘူး။

နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ မေလ (၂၉) ရက်နေ့အထိ စာရင်းတွေအရ အာဏာသိမ်းကာလအတွင်း ဒီမိုကရေစီရေးလှုပ်ရှားသူနဲ့ ပြည်သူ ငါးထောင်ကျော် (၅၁၆၀ ဦး) သေဆုံးခဲ့ရပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org