သေဒဏ်ကျမြန်မာလုပ်သားနှစ်ဦးအတွက် တစ်လအတွင်း ထိုင်းဘုရင်ထံ အသနားခံစာတင်မည်

ထိုင်းနိုင်ငံ ခိုတောင်ကျွန်းမှာ ဗြိတိန်နိုင်ငံသား နှစ်ဦး အသတ်ခံရမှုနဲ့ သေဒဏ်ချမှတ်ခံထားရတဲ့ မြန်မာနိုင်ငံသား နှစ်ဦးအတွက် အသနားခံစာကို ထိုင်းဘုရင်ထံ တစ်လအတွင်း တင်သွားမယ်လို့ ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံး ဥပဒေအကြံပေး ရှေ့နေ ဦးအောင်မျိုးသန့်က RFA ကို ပြောပါတယ်။

ထိုင်း လိပ်ကျွန်းလူသတ်မှုနဲ့ သေဒဏ်ချမှတ်ခံထားရတဲ့ ကိုဇော်လင်းနဲ့ ကိုဝင်းဇော်ထွန်းတို့ကို တွေ့ရစဉ် Photo: Reuters

ထိုင်းနိုင်ငံ ခိုတောင်ကျွန်းမှာ ဗြိတိန်နိုင်ငံသား နှစ်ဦး အသတ်ခံရမှုနဲ့ သေဒဏ်ချမှတ်ခံထားရတဲ့ မြန်မာနိုင်ငံသား နှစ်ဦးအတွက် အသနားခံစာကို ထိုင်းဘုရင်ထံ တစ်လအတွင်း တင်သွားမယ်လို့ ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံး ဥပဒေအကြံပေး ရှေ့နေ ဦးအောင်မျိုးသန့်က RFA ကို ပြောပါတယ်။

မြန်မာရွှေ့ပြောင်းအလုပ်သမား ကိုဝင်းဇော်ထွန်း နဲ့ ကိုဇော်လင်းက တင်ထားတဲ့ နောက်ဆုံးအယူခံဟာ သြဂုတ် ၂၉ ရက်နေ့က ရှုံးနိမ့်သွားတဲ့အတွက် နောက်ဆုံး မျှော်လင့်ချက်အနေနဲ့ နှစ်လအတွင်း ထိုင်းဘုရင်ထံ အသနားခံစာ တင်ရမှာဖြစ်ပါတယ်။

ဒီလူငယ် နှစ်ဦး အမှုအတွက် လိုက်ပါဆောင်ရွက်ပေးနေတဲ့ ထိုင်းရှေ့နေများကောင်စီက - ထိုင်းဘုရင်ထံတင်တဲ့ အသနားခံစာဟာ မိသားစု၊ ရှေ့နေတွေထက်စာရင် မြန်မာအစိုးရက ကိုယ်စားတင်ပေးတာ ပိုထိရောက်တယ်လို့ အကြံပေးထားပါတယ်။

အသနားခံစာထဲမှာ ထည့်သွင်းဖော်ပြရမယ့်အချက်တွေကို ထိုင်းရှေ့နေများကောင်စီနဲ့ ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံးတာဝန်ရှိသူတွေ ပူးပေါင်းဆွေးနွေးနေကြပါတယ်။

ထိုင်းနိုင်ငံမှာ သေဒဏ်ကျ အကျဉ်းသားကို နောက်ဆုံး ကွပ်မျက်ခဲ့တာ ၂၀၀၉ ခုနှစ်ကဖြစ်ပြီး ကွပ်မျက်ခံရသူ နှစ်ဦးကတော့ မူးယစ်ဆေး ရောင်းဝယ်ဖောက်ကားမှုနဲ့ ထောင်ကျသူတွေ ဖြစ်တယ်လို့ ပြီးခဲ့တဲ့ရက်ပိုင်းက AP သတင်းတစ်ပုဒ်မှာ ဖော်ပြထားပါတယ်။

၂၀၁၄ ခုနှစ် စက်တင်ဘာလ ၁၅ ရက်နေ့က ခိုတောင်ကျွန်းမှာ ဗြိတိန်လူငယ်စုံတွဲ အသတ်ခံခဲ့ရတဲ့အမှုကို တစ်နှစ်ကြာ စစ်ဆေးခဲ့ပြီး မြန်မာရွှေ့ပြောင်းလုပ်သား ကိုဝင်းဇော်ထွန်း နဲ့ ကိုဇော်လင်းတို့ကို ကော့စမွီ တရားရုံးက သေဒဏ်အပြစ်ပေးခဲ့တာပါ။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org