ကိုးကန့်စစ်ပွဲမှာ တရုတ်အစိုးရ ပါဝင်ပတ်သက်မှုမရှိကြောင်း ဝန်ကြီးဦးအောင်မင်းပြော
ကိုးကန့်ဒေသမှာ ဖုန်ကြားရှင်ရဲ့တပ်တွေ နဲ့ ဖြစ်ပွားခဲ့တဲ့ စစ်ရေးပဋိပက္ခတွေ ရဲ့နောက်ကွယ်မှာ တရုတ်အစိုးရ မပါရှိကြောင်း ပြည်ထောင် စုဝန်ကြီး ဦးအောင်မင်းက ပြောပါတယ်။
-
2015-02-20 -
-
-
ကိုးကန့်ဒေသမှာ ဖုန်ကြားရှင်ရဲ့တပ်တွေနဲ့ ဖြစ်ပွားခဲ့တဲ့ စစ်ရေးပဋိပက္ခတွေရဲ့နောက်ကွယ်မှာ တရုတ်အစိုးရ မပါရှိကြောင်း ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းက ပြောပါတယ်။
ပြည်ထောင်စုလွှတ်တော်မှာ ကိုးကန့်ဒေသကို စစ်အုပ်ချုပ်ရေးကြေညာခဲ့တာနဲ့ ပတ်သက်ပြီး ဝန်ကြီး ဦးအောင်မင်းက ဒီနေ့ အဆိုတင်သွင်းခဲ့တာဖြစ်ပါတယ်။ လွှတ်တော်ပြင်ပမှာ သတင်းမီဒီယာတွေက ကိုးကန့်ဒေသနဲ့ပတ်သက်ပြီး မေးမြန်းရာမှာ ဝန်ကြီး ဦးအောင်မင်းက အခုလို ဖြေကြားခဲ့တာပါ။
"ဖုန်ကြားရှင်လို ကိုးကန့်လူမျိုးတွေကတော့ တကယ်တော့လည်း သူတို့ဟိုဘက်ကမ်းမှာတော့ ဟိုဘက်တရုတ်နယ်မြေမှာ ကိုးကန့်လူမျိုးတွေရှိပါတယ်၊ အဲ့ဒီတော့ သူတို့လူမျိုးအချင်းချင်း ဝင်ပြီးတော့တိုက်တာခိုက်တာတော့ ရှိချင်ရှိမှာပေါ့ဗျာ၊ တရုတ်ကပါတယ်ဆိုတာတော့ ဒါတော့မဖြစ်နိုင်ပါဘူး၊ တရုတ်က နိုင်ငံကြီးဖြစ်ပါတယ်၊ နိုင်ငံကြီးဖြစ်တော့ နိုင်ငံတကာဥပဒေနဲ့ပဲ ဒါလုပ်မှာပဲလေ၊ သူကိုယ်တိုင် ပါစရာမလိုပါဘူး၊ သို့သော်လည်းပဲ ဟိုဘက်ရွာနီးခြောက်စပ်ပေါ့နော်၊ တရုတ်နိုင်ငံထဲမှာရှိတဲ့ ကိုးကန့်လူမျိုးတွေရှိတာပေါ့ဗျာ၊ သူတို့ကတော့ ပါပြီးတော့ကူညီပြီး တိုက်တာတို့ဘာတို့တော့ ရှိနိုင်တယ်လို့ ဒီလိုပဲတွက်လို့ရပါတယ်"
ဒါ့အပြင် ဖုန်ကြားရှင်တပ်တွေနဲ့ ပူးတွဲတိုက်နေတဲ့ တအောင်းလွတ်မြောက်ရေးတပ်မတော် TNLA အဖွဲ့ကို ပြည်ထောင်စုနေ့ အခမ်းအနားတက်ရောက်ဖို့ ဖိတ်ကြားရာမှာ တက်ရောက်ခဲ့ခြင်းမရှိကြောင်းနဲ့ အရင်တစ်ခေါက်ဖိတ်ကြားတာကိုလည်း လက်မခံခဲ့ကြောင်း ပြောပါတယ်။
ကိုးကန့်ဒေသမှာ ဦးဖုန်ကြားရှင်ရဲ့ မြန်မာနိုင်ငံလူမျိုးစုများ ဒီမိုကရေစီတပ်ပေါင်းစု MNDAA တပ်တွေနဲ့ တပ်မတော်တို့ ဖေဖေါ်ဝါရီလ ၉ ရက်နေ့က တိုက်ပွဲတွေစတင်ဖြစ်ပွားရာမှာ နှစ်ဖက်ကျဆုံးမှုတွေများခဲ့ပြီး အခုကိုးကန့်ဒေသကို စစ်အုပ်ချုပ်ရေးကြေညာထားပါတယ်။