အပစ်အခတ်ရပ်စဲထားတဲ့ ကလလတအဖွဲ့ စစ်​ကောင်စီကို ပြန်တိုက်

အပစ်အခတ်ရပ်စဲရေးကို ချိုးဖျက်ပြီး စစ်ကောင်စီတပ်ကို ပြန်လည်တိုက်ခိုက်နေပြီလို့ ကလလတက ဇူလိုင် ၁ ရက်မှာ ကြေညာချက်ထုတ်လိုက်ပါတယ်။

ကယားပြည်နယ်၊ လွိုင်ကော်မြို့မှာ စစ်အာဏာရှင်စနစ် ဆန့်ကျင်ဆန္ဒပြသူများကို ဝန်းရံပေးနေသည့် ကရင်နီလူမျိုးပေါင်းစုံ ပြည်သူ့လွတ်မြောက်ရေးတပ်ဦး (ကလလတ) တပ်ဖွဲ့ဝင်အချို့အား ၂၀၂၁ ခုနှစ်၊ မတ်လ ၁၃ ရက်နေ့က တွေ့ရစဉ်။

နှစ်ပေါင်း ၂၉ နှစ်ကြာ အပစ်ရပ်ခဲ့တဲ့ အပစ်အခတ်ရပ်စဲရေးကို ချိုးဖျက်ပြီး ကရင်နီပြည် လူမျိုးပေါင်းစုံပြည်သူ့လွတ်မြောက်ရေးတပ်ဦး (ကလလတ) က စစ်ကောင်စီတပ်ကို ပြန်လည်တိုက်ခိုက်နေပြီလို့ ဇူလိုင်လ ၁ ရက်မှာ ကြေညာချက်ထုတ်ပြန်ပါတယ်။

ကလလတဟာ ၂၀၂၃ ခုနှစ် ဇွန်လ ၁၃ ရက်နေ့ကစလို့ ကယားပြည်နယ်၊ မယ်စဲ့မြို့နယ် ထဲက တိုက်ပွဲတွေမှာ စစ်ကောင်စီကို စတင်တိုက်ခိုက်ခဲ့တာလို့ ကလလတရဲ့ ပြောခွင့်ရ ရဲဘော်လောရင်းစိုးက RFA ကို ပြောပါတယ်။

စစ်အုပ်စု၊ စစ်အာဏာရှင်၊ စစ်အစိုးရနဲ့ ၂၀၀၈ အခြေခံဥပဒေအကုန်အစင်တိုက်ဖျက်ရေးဟာ ကလလတရဲ့ လက်တလောရည်မှန်းချက်ဖြစ်တယ်လို့ ဆိုပါတယ်။

၁၉၉၄ ခုနှစ်က ကလလတနဲ့ စစ်အစိုးရတို့ အပစ်အခတ်ရပ်စဲခဲ့ပြီး တပ်ဖွဲ့အင်အားတချို့ကို စစ်ကောင်စီလက်အောက်ခံ နယ်ခြားစောင့်တပ် (BGF) အဖြစ် ပြောင်းလဲပေးခဲ့ပါတယ်။

အခုတော့ အဲဒီ BGF တပ်ဖွဲ့တွေလည်း မိခင်တပ်ဖွဲ့ ကလလတနဲ့ ပြန်လည်ပူးပေါင်းပြီး ကယားပြည်နယ် သံလွင်မြစ်အရှေ့ခြမ်းဒေသတွေမှာ စစ်ကောင်စီကို ပြန်လည် တိုက်ခိုက်နေပါတယ်။

ကယားပြည်နယ် BGF တပ်ရင်းတပ်ဖွဲ့အရေအတွက်နဲ့ အသေးစိတ်အချက်အလက်တွေကို တော့ မသိရသေးပါဘူး။

ကလလတကို ၁၉၇၈ ခုနှစ်မှာ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP) ကနေ ခွဲထွက်ပြီး သီးခြားတည်ထောင်ထားတာဖြစ်သလို ၁၉၉၀ ခုနှစ်မှာ ဗမာပြည် ကွန်မြူနစ်ပါတီရဲ့ တပ်ပေါင်းစုမှာ ပါဝင်ခဲ့တဲ့ တပ်ဖွဲ့လည်းဖြစ်ပါတယ်။ ၁၉၉၁ ခုနှစ်မှာတော့ ကလလတဟာ ကရင်အမျိုးသားအစည်းအရုံး (KNU/KNLA) နဲ့ မဟာမိတ်ဖွဲ့ကာ စစ်အစိုးရဲ့တပ်တွေကို တိုက်ခိုက်ခဲ့ပြီး ၁၉၉၄ ခုနှစ်မှာတော့ အပစ်အခတ်ရပ်စဲခဲ့တာဖြစ်ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org