မြစ်ကြီးနားက ပြန်လာ တဲ့ ကေအိုင်အိုခေါင်းဆောင်တွေ လိုင်ဇာမှာ ရှင်းလင်းပွဲလုပ်
မြစ်ကြီးနားကနေ လိုင်ဇာဌာနချုပ် ကို ပြန်ရောက်လာတဲ့ ကေအိုင်အို ကိုယ်စားလှယ်အဖွဲ့ဟာ လိုင်ဇာပြည်သူလူထု၊ ဒုက္ခသည်နဲ့ ဌာနဆိုင်ရာအပါအဝင် မဟာမိတ်တပ်ဖွဲ့တွေကို အစိုးရ နဲ့ ဆွေးနွေးခဲ့တာတွေနဲ့ ပတ်သက်လို့ ရှင်းလင်းပွဲလုပ်တယ် လို့ သိရပါတယ်။
-
2013-06-01 -
-
-
မြစ်ကြီးနားကနေ လိုင်ဇာဌာနချုပ်ကို ပြန်ရောက်လာတဲ့ ကေအိုင်အို ကိုယ်စားလှယ်အဖွဲ့ဟာ လိုင်ဇာပြည်သူလူထု၊ ဒုက္ခသည်နဲ့ ဌာနဆိုင်ရာအပါအဝင် မဟာမိတ်တပ်ဖွဲ့တွေကို အစိုးရနဲ့ ဆွေးနွေးခဲ့တာတွေနဲ့ ပတ်သက်လို့ ရှင်းလင်းပွဲလုပ်တယ်လို့ သိရပါတယ်။
ကေအိုင်အို ကိုယ်စားလှယ်အဖွဲ့ဟာ ဒီနေ့နေ့လည် နှစ်နာရီမှာ မြစ်ကြီးနားကနေ လိုင်ဇာကိုရောက်လာပြီး ချက်ခြင်းဆိုသလို မြစ်ကြီးနားမှာ သမ္မတရုံးဝန်ကြီး ဦးအောင်မင်းဦးဆောင်တဲ့ ပြည်ထောင်စု ငြိမ်းချမ်းရေးဖေါ်ဆောင်ရေးလုပ်ငန်းကော်မီတီ နဲ့ ဆွေးနွေးခဲ့တာတွေကို ကေအိုင်အိုအဖွဲ့ခေါင်းဆောင် ဦးဆွမ်လွတ်ဂန်က ရှင်းပြတဲ့အကြောင်း အစည်းအဝေးမှာ ကိုယ်တိုင်တက်ရောက်ခဲ့တဲ့ ဒုက္ခသည် ကူညီစောင့်ရှောက်ရေးကော်မတီ ဥက္ကဌ ဦးဒွဲပီစ က ပြောပါတယ်။
“သဘောတူညီချက် ၇ ချက်အကြောင်းရှင်းပြတယ်၊ အရင်တုန်းက တွေ့ဆုံတာထက်တော့ အများကြီးထူးထူးခြားခြား အောင်မြင်မှုရှိပါတယ်၊ နောက်ဟိုဘက်မှာရောက်တော့ ပြည်သူလူထုက မမျှော်လင့်ပဲနဲ့ အများကြီးကြိုဆိုတယ်၊ အကူအညီပေးတယ်၊ နောက်သူတို့တင်ပြစရာတွေကိုလည်း ပွင့်ပွင့်လင်းလင်းတင်ပြတာ ဆွေးနွေးတာတွေရှိတယ်၊ ဒါအရင်တုန်းကနဲ့ မတူဘူးဆိုတာ၊ ဒါအများကြီးထူးခြားချက်ပေါ့ အောင်မြင်မှုလို့ပြောလို့ရတာပေါ့”
မြစ်ကြီးနားမှာ ဆွေးနွေးခဲ့တာတွေဟာ အရင်ဆွေးနွေးပွဲတွေနဲ့မတူပဲ အားရကျေနပ်တဲ့အကြောင်းတွေပါ ရှင်းလင်းပြောကြားခဲ့တယ်လို့ သူက ဆက်လက်ပြောပြပါတယ်။
"၂ နာရီမှာ လိုင်ဇာရောက်တယ်၊ ကျနော်တို့က ၁၁ နာရီလောက်ကတည်းက စောင့်နေတာ၊ ကျနော်တို့ထဲက အထက်တန်းကျောင်းခန်းမဆောင်မှာလုပ်ပါတယ်၊ လိုင်ဇာမြို့ပေါ်ကလူရော နောက်ဒုက္ခသည်တွေရော အားလုံး ၃ ထောင်ကျော်ပါတယ်၊ ကိုယ်စားလှယ်ခေါင်းဆောင် ဦးဆွမ်လွတ်ဂန်က ဒီခရီးစဉ်အကြောင်းပြောပြပြီးမှ ဗိုလ်ချုပ် ဂွမ်မော်က ဒီအစည်းအဝေးအကြောင်း အတိုချုံ့ပေါ့ ရှင်းပြတာရှိပါတယ်"
ကေအိုင်အိုနဲ့ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေးလုပ်ငန်းကော်မီတီအဖွဲ့တွေ မေလ ၂၈ ရက်ကနေ ၃၀ ရက်နေ့အထိ ၃ ရက် ဆွေးနွေးခဲ့ကြကာ အချက် ၇ ချက် သဘောတူလက်မှတ်ထိုးပြီးတော့ ၂ ဘက်သဘောတူ ထုတ်ပြန်ခဲ့ကြပါတယ်။
အဲဒီဆွေးနွေးပွဲဟာ (၈) ကြိမ်မြောက် ဆွေးနွေးပွဲဖြစ်ပြီး မြန်မာနိုင်ငံအတွင်းမှာ ပထမဆုံးကျင်းပတဲ့ ဆွေးနွေးပွဲလည်းဖြစ်ပါတယ်။