မြင်းခြံမှာ စစ်ကြောင်းထိုးချိန် သတ်ဖြတ်ခံရတဲ့အရပ်သား ခြောက်ဦးအထိရှိလာ
မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်မှာ စစ်ကောင်စီတပ်က ရွာတွေကို ဝင်ရောက်စီးနင်း စစ်ကြောင်းထိုးနေတဲ့ အချိန်နှစ်ပတ်ကျော်အတွင်း သတ်ဖြတ်ခံရတဲ့ အရပ်သား ခြောက်ဦးအထိရှိလာပြီလို့ ဒေသခံတွေက ဧပြီလ ၂၄ ရက်နေ့မှာ ပြောပါတယ်။
-
RFA Burmese
2024-04-23 -
-
-
မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်မှာ စစ်ကောင်စီတပ်က ရွာတွေကို ဝင်ရောက်စီးနင်း စစ်ကြောင်းထိုးနေတဲ့ အချိန်နှစ်ပတ်ကျော်အတွင်း သတ်ဖြတ်ခံရတဲ့ အရပ်သား ခြောက်ဦးအထိရှိလာပြီလို့ ဒေသခံတွေက ဧပြီလ ၂၄ ရက်နေ့မှာ ပြောပါတယ်။
အင်အားတစ်ရာနီးပါးတဲ့ စစ်ကောင်စီတပ်နဲ့ ပျူစောထီးပူးပေါင်းအဖွဲ့တွေက ဧပြီလ ၈ ရက်နေ့ကစလို့ ဧပြီလ ၂၄ ရက်နေ့အထိ ရွာတွေကိုစီးနင်းဝင်ရောက်နေစဉ် အရပ်သားတွေသတ်ဖြတ်ခံခဲ့ရသလို နေအိမ်တွေကိုပါ မီးရှို့ဖျက်ဆီးခံခဲ့ရတာလို့ ဒေသခံတွေက ပြောပါတယ်။
သတ်ဖြတ်ခံရတဲ့ ဒေသခံတွေဟာ ဖက်ရင်းရွာက အမျိုးသားနှစ်ဦး၊ ရသာရွာက အမျိုးသားတစ်ဦး၊ ကိုင်း(မြောက်)ရွာက အမျိုးသမီးတစ်ဦး၊ ဇလပ်ကုန်းရွာက အမျိုးသားတစ်ဦးနဲ့ သိမ်တိုင်ရွာက အမျိုးသားတစ်ဦးတို့ ဖြစ်ပါတယ်။
ဧပြီလ ၂၁ ရက်နေ့ကော့ စစ်ကြောင်းက ဇလပ်ကုန်းနဲ့ သိမ်တိုင်ရွာတွေကို စီနင်းပြီး အသက် ၃၀ နဲ့ ၄၀ အရွယ် ရွာသားနှစ်ဦးကို သတ်ဖြတ်ခဲ့တယ်လို့ မြင်းခြံဒေသခံတစ်ဦးက RFA ကိုပြောပါတယ်။
“ကိုင်းမြောက်မှာ အမျိုးသမီးတစ်ဦးကို သတ်ပြီးတော့ နောက်ရွာတွေဆက်ဝင်တာ ထွက်ပြေးလို့မလွတ်တဲ့သူတွေ အဖမ်းခံရပြီး ပစ်သတ်သွားတာ”
ဧပြီလ ၂၄ ရက်နေ့ မနက်ပိုင်းမှာလည်း ဂင့်ဂဲရွာက နေအိမ်တွေကို စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးနေတယ်လို့ သူကဆိုပါတယ်။
စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်နဲ့ ဒေသကာကွယ်ရေးအဖွဲ့တွေ တိုက်ပွဲပြင်းပြင်းထန်ထန်ဖြစ်ခဲ့ပြီး လက်ရှိမှာလည်း စစ်ရေးတင်းမာနေတယ်လို့ ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။
လက်ရှိမှာတော့ မြင်းခြံမြို့နယ်မှာ စစ်ကြောင်းဝင်ရာလမ်းကြောင်းမှာရှိနေတဲ့ ဧရာ၀တီမြစ်အရှေ့ဘက်ကမ်း မြစ်ရိုးတစ်လျှောက်ရွာတွေက နေအိမ် ၁၅၀၀ ကျော် မီးရှို့ဖျက်ဆီးခံထားရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒီအခြေအနေတွေနဲ့ပတ်သက်လို့ တုံ့ပြန်ချက်ရနိုင်ဖို့ စစ်ကောင်စီရဲ့ မန္တလေးတိုင်းပြောခွင့်ရသူ တိုင်းစီးပွားရေးဝန်ကြီး ဦးသိန်းဌေးကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေကြားတာ မရှိပါဘူး။
မီးရှို့ခံရမှုတွေကို စာရင်းပြုစုနေတဲ့ Data For Myanmar အဖွဲ့ရဲ့ ဧပြီလ ၁၅ ရက်နေ့အထိ စာရင်းအရ စစ်တပ်အာဏာသိမ်းထားတဲ့ သုံးနှစ်ကျော်အတွင်း နိုင်ငံတစ်ဝန်းမှာ နေအိမ် ရှစ်သောင်းကျော် မီးရှို့ဖျက်ဆီးခံခဲ့ရပါတယ်။
----------------
(Photo: )