ရှေ့နေ ဒေါ်ခင်ခင်ကျော်နဲ့ ဗကသ ကျောင်းသားဟောင်း ကိုသန်းထိုက်ကို ထောင်ဒဏ် ၆ လ အမိန့်ချ

လက်ပံတန်း ကျောင်းသားသပိတ်မှာ ဖမ်းဆီးခံရတဲ့ကျောင်းသားတွေကို ဥပဒေအကျိုးဆောင်ပေး ခဲ့တဲ့ ရှေ့နေ ဒေါ်ခင်ခင်ကျော်နဲ့ ဗကသ ကျောင်းသားဟောင်း ကိုသန်းထိုက် တို့ကို တရားရေး ဝန်ထမ်းတွေကို နှောင့်ယှက်မှုနဲ့ မင်းလှမြို့နယ် တရားရုံးက ဒီနေ့ ထောင်ဒဏ် ၆ လ အမိန့်ချ မှတ်လိုက်ပါတယ်။

လက်ပံတန်း ကျောင်းသားသပိတ်မှာ ဖမ်းဆီးခံရတဲ့ကျောင်းသားတွေကို ဥပဒေအကျိုးဆောင်ပေးခဲ့တဲ့ ရှေ့နေ ဒေါ်ခင်ခင်ကျော်ကို ၂ဝ၁၈ ခုနှစ် စက်တင်ဘာလ ၂၈ ရက်နေ့က မင်းလှမြို့နယ် တရားရုံးရှေ့မှာ တွေ့ရစဉ် Photo: Phyoe Phyoe Aung -facebook

လက်ပံတန်း ကျောင်းသားသပိတ်မှာ ဖမ်းဆီးခံရတဲ့ကျောင်းသားတွေကို ဥပဒေအကျိုးဆောင်ပေးခဲ့တဲ့ ရှေ့နေ ဒေါ်ခင်ခင်ကျော်နဲ့ ဗကသ ကျောင်းသားဟောင်း ကိုသန်းထိုက် တို့ကို တရားရေးဝန်ထမ်းတွေကို နှောင့်ယှက်မှုနဲ့ မင်းလှမြို့နယ် တရားရုံးက ဒီနေ့ ထောင်ဒဏ် ၆ လ အမိန့်ချမှတ်လိုက်ပါတယ်။

တရားစွဲခံပြသက်သေတွေရဲ့ ထွက်ချက်တွေနဲ့ တင်ပြတာတွေကို ထည့်သွင်းမစဉ်းစားဘဲ တရားစီရင်မှု ဆောင်ရွက်နေသော ပြည်သူ့ဝန်ထမ်းကို တမင်စော်ကား၊ ဝင်ရောက်နှောင့်ယှက်ခြင်းလို့ခေါ်တဲ့ ရာဇသတ် ကြီးဥပဒေပုဒ်မ ၂၂၈ ရဲ့ အမြင့်ဆုံးပြစ်ဒဏ်ကို ချလိုက်တာလို့ အမှုကိုလိုက်ပါဆောင်ရွက်ပေးနေတဲ့ တရားလွှတ်တော် ရှေ့နေ ဦးကြီးမြင့်က ပြောပါတယ်။

"တရားလိုနဲ့ တရားလိုဘက်က ပြတဲ့ထွက်ချက်တွေကို အသေးစိတ်ဖတ်ပြ သုံးသပ်ပြီး ဒေါ်ခင်ခင်ကျော် တင်ပြတဲ့အချက်တွေ သက်သေတွေရဲ့ ထွက်ချက်တွေ၊ သူတင်ပြတဲ့ ရှင်းလင်းတဲ့တောင်းပန်စာတွေ အဲဒီစာတွေကို လုံးဝထည့်သွင်းမသုံးသပ်ဘဲနဲ့ ပုဒ်မ ၂၂၈ ရဲ့ အမြင့်ဆုံးပြစ်ဒဏ်ဖြစ်တဲ့ ထောင်ဒဏ် ၆ လကို ချလိုက်တာပဲဗျာ၊ ရာဇသတ်ကြီး ဥပဒေပုဒ်မ ၂၂၈ ဆိုတာ တရားစီရင်နေတဲ့ တရားသူကြီးကို တရားစီရင် မရအောင် နှောင့်ယှက်မှုပုဒ်မဗျ"

ကျောင်းသားသပိတ်ကို အကြမ်းဖက်ရိုက်နှက်ဖမ်းဆီးမှုမှာ တာဝန်ရှိတဲ့ရဲမှူးတွေကို တရားစွဲဖို့ ရှေ့နေ ဒေါ်ခင်ခင်ကျော်က လျှောက်ထားခဲ့တာနဲ့ ပတ်သက်ပြီး ၂၀၁၅ စက်တင်ဘာလ ၁ ရက်နေ့ ရုံးချိန်းမှာ မြို့နယ်တရားသူကြီးနဲ့ အချေအတင် အငြင်းအခုံဖြစ်ခဲ့ကြတယ်လို့ သိရပါတယ်။

အဲဒီလိုဖြစ်ခဲ့ပြီး ရာဇသတ်ကြီးဥပဒေပုဒ်မ-၂၂၈ နဲ့ ဒေါ်ခင်ခင်ကျော်ကို သာယာဝတီမြို့နယ် တရားသူကြီး ဦးချစ်မြတ်က ၂၀၁၅ ခုနှစ်၊ စက်တင်ဘာလ ၁၈ ရက်နေ့မှာ တရားစွဲဆိုခဲ့တာ ဖြစ်ပါတယ်။

ဒေါ်ခင်ခင်ကျော်ဟာ ရုံးချိန်းပေါင်း ၇၀ ကျော်နဲ့ ၃ နှစ်ကြာ တရားရင်ဆိုင်ခဲ့ရပြီးမှ အခုလို အမိန့်ချမှတ်ခံရ တာဖြစ်တယ်လို့လည်း သိရပါတယ်။

၂၀၁၅ ခုနှစ်က အမျိုးသားပညာရေးဥပဒေကို ကန့်ကွက်ဆန္ဒပြခဲ့ကြတဲ့ ကျောင်းသားတွေနဲ့ ဝန်းရံပြည်သူတွေကို အရင်အစိုးရလက်ထက်က လက်ပံတန်းမြို့မှာ ဖြိုခွင်းခဲ့ပြီး ရာဇဝတ်မှုဥပဒေ ပုဒ်မ-၅၀၅(ခ) အပါအဝင် ပုဒ်မ ၅ ခုနဲ့ တရားစွဲဆိုခဲ့ပါတယ်။

ဒါပေမဲ့ NLD အစိုးရတက်လာပြီးတဲ့အခါ အဲဒီအမှုတွေအားလုံးကို ပိတ်သိမ်းပြီး ကျောင်းသားတွေနဲ့ ဝန်းရံပြည် သူတွေကို လွှတ်ပေးခဲ့ပေမယ့် ရှေ့နေလိုက်ပေးခဲ့တဲ့ ဒေါ်ခင်ခင်ကျော်နဲ့ ဗကသ ကျောင်းသားဟောင်း ကိုသန်းထိုက် တို့အမှုက ကျန်နေခဲ့တာဖြစ်ပြီး ဒီနေ့မှ စီရင်ချက်ချခဲ့တာ ဖြစ်ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org