နေပြည်တော်နယ်မြေမှာ ကယန်းအမျိုးသားနေ့ ကျင်းပဖို့ ထွေအုပ် ခွင့်မပြု
နေပြည်တော်ကောင်စီနယ်မြေ ပျဉ်းမနားမြို့နယ် ပြည်ထောင်ကိုးရွာမှာ ကျင်းပခွင့်တောင်းခံထားတဲ့ ကယန်းအမျိုးသားနေ့ အခမ်းအနားကို အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနက လုံခြုံရေးအကြောင်းပြချက်နဲ့ ခွင့်မပြုဘဲ တားမြစ်လိုက် ပါတယ်။
-
2017-03-30 -
-
-
နေပြည်တော်ကောင်စီနယ်မြေ ပျဉ်းမနားမြို့နယ် ပြည်ထောင်ကိုးရွာမှာ ကျင်းပခွင့်တောင်းခံထားတဲ့ ကယန်း အမျိုးသားနေ့ အခမ်းအနားကို အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနက လုံခြုံရေးအကြောင်းပြချက်နဲ့ ခွင့်မပြုဘဲ တားမြစ်လိုက်ပါတယ်။
ပြည်ထောင်ကိုးရွာမှာ ကျင်းပခွင့်မပြုဘဲ မနှစ်ကကျင်းပခဲ့တဲ့ လယ်ဝေးမြို့နယ် အောင်နန်းချိုကျေးရွာမှာ ပြောင်းရွှေ့ ကျင်းပဖို့ မြို့နယ် အထွေထွေ အုပ်ချုပ်ရေးရုံးက အကြောင်းပြန်ကြားလာတယ်လို့ ကယန်းစာပေနဲ့ယဉ်ကျေးမှုအဖွဲ့ ဗဟိုကော်မတီဝင် ကိုငိန်းပက်ထရစ်က ပြောပါတယ်။
"ပွဲမိန့်တင်တဲ့အခါကျတော့ ပြည်ထောင်ကိုးမှာ ကျင်းပခွင့်မပေးဘဲ မနှစ်တုန်းက ကျင်းပခဲ့တဲ့ လယ်ဝေးမြို့နယ် အောင်နန်းချိုကျေးရွာကို ရွှေ့ပါလားလု့ိပြောတယ်။ အကြောင်းကဘာဖြစ်လို့လဲလို့ ကျနော် မေးတော့ လုံခြုံရေးအရ စိတ်မချရလို့ အဖြေရပါတယ်"
လာမယ့် ဧပြီလ ၁၀ ရက်နေ့မှာ ကျရောက်မယ့် ကယန်းအမျိုးသားနေ့ အခမ်းအနားအတွက် ပွဲကျင်းပခွင့်ကို တစ်လ ကြာ ကြိုတင်ခွင့်ပြုချက် တောင်းခံခဲ့ပြီး ပြီးခဲ့တဲ့ မတ်လ ၂၈ ရက်နေ့မှာ ပျဉ်းမနားမြို့နယ် အထွေထွေအုပ်ချုပ်ရေးရုံး က စာထုတ်ပြန်တားမြစ်လိုက်တာဖြစ်ပါတယ်။
နေပြည်တော်ကောင်စီ နယ်မြေတစ်ဝိုက်က ကယန်းအမျိုးသားတွေရဲ့ အမျိုးသားနေ့ အထိမ်းအမှတ် အခမ်း အနားတွေကို ပြီးခဲ့တဲ့ ၂၀၁၅ ခုနှစ်မှာ နေပြည်တော်က မြတ်တော်ဝင်ဟိုတယ်မှာ တစ်ကြိမ်၊ ၂၀၁၆ ခုနှစ်မှာ လယ်ဝေးမြို့နယ် အောင်နန်းချိုကျေးရွာမှာ တစ်ကြိမ် ကျင်းပခဲ့ပြီး အခု ၂၀၁၇ ခုနှစ်မှာ ပျဉ်းမနားမြို့ နယ် ပြည်ထောင်ကိုးရွာမှာ ကျင်းပခွင့်တောင်းခံတာကို တားမြစ်ခံရတာဖြစ်ပါတယ်။
အဲဒီလို တားမြစ်ခံရတဲ့အတွက် အစိုးရက ခွင့်ပြုတဲ့နေရာမှာ ကျင်းပဖို့ရှိ၊ မရှိကိုတော့ အခမ်း အနား ဖြစ်မြောက်ရေး ကော်မတီ အစည်းအဝေးမှာ ဆွေးနွေးဆုံးဖြတ်ကြမှာ ဖြစ်တယ်လို့ ကိုငိန်းပက်ထရစ်က ပြောပါတယ်။