ကယားစစ်ဘေးဒုက္ခသည်တွေ စားနပ်ရိက္ခာလမ်းကြောင်း ဖြတ်တောက်ခံထားရ
ကယား (ကရင်နီ) ပြည်နယ်ထဲမှာ စစ်တပ်က အာဏာသိမ်းပြီးနောက် စစ်ကောင်စီတပ်တွေနဲ့ ကရင်နီ လက်နက်ကိုင်တပ်ဖွဲ့တွေရဲ့ တစ်နှစ်ကျော်ကြာ တိုက်ပွဲတွေကြောင့် လူဦးရေ သုံးသိန်းကျော်ရှိတဲ့အထဲမှာ စစ်ဘေးဒုက္ခသည်က နှစ်သိန်းနီးပါး ရှိနေပါတယ်။
- 2022-04-24
-
-
-
ကယား (ကရင်နီ) ပြည်နယ်ထဲမှာ စစ်တပ်က အာဏာသိမ်းပြီးနောက် စစ်ကောင်စီတပ်တွေ နဲ့ ကရင်နီ လက်နက်ကိုင်တပ်ဖွဲ့တွေရဲ့ တစ်နှစ်ကျော်ကြာ တိုက်ပွဲတွေကြောင့် လူဦးရေ သုံးသိန်းကျော်ရှိတဲ့အထဲမှာ စစ်ဘေးဒုက္ခသည်က နှစ်သိန်းနီးပါး ရှိနေပါတယ်။
သူတို့အတွက် စားနပ်ရိက္ခာ သယ်ယူပို့ဆောင်ရေး လမ်းကြောင်းတွေဖြစ်တဲ့ ပင်လောင်း-ဖယ်ခုံ-မိုးဗြဲ လမ်းကြောင်း၊ တောင်ကြီး-ဆီဆိုင်-လွိုင်လင်-လွိုင်ကော် လမ်းကြောင်းတွေနဲ့ တောင်ငူဘက်ကနေ ကယားကို လာတဲ့လမ်းတွေမှာ စစ်ကောင်စီတပ်တွေက စစ်ဆေး၊ ပိတ်ဆို့နေတာ နှစ်လကျော်ရှိနေပါပြီ။
"ရိက္ခာအများကြီး သယ်လာမယ်ဆိုရင် အကြောင်းပြချက် ကောင်းကောင်းမပေးနိုင်ရင် ဖမ်းဆီးတာမျိုးရှိတယ်"
ဒီအတွက် ရိက္ခာနဲ့ ဆေးဝါးတွေရယူဖို့ အကန့်အသတ်ရှိလာတယ်လို့ ကရင်နီပြည်နယ် စစ်ဘေးရှောင် ကူညီစောင့်ရှောက်ရေး ကွန်ရက်က ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။
“အဓိက မိန်းပွိုင့်တွေမှာ စစ်ကောင်စီတပ်တွေက ပင်လောင်းတို့၊ တောင်ငူတို့၊ ဆီဆိုင်တို့ ဘက်မှာ ထိုင်ထားတယ်။ ပြီးတော့မှ ရိက္ခာကားတွေဆိုရင် ကယားပြည်နယ်ကို ဝင်လာ တဲ့ကားတွေကို အခုလက်ရှိအထိတော့ ဝင်လာခွင့်ပေးတာ၊ ခွင့်ပြုချက်ပေးတာမျိုးတော့ မရှိဘူး။ ရိက္ခာအများကြီး သယ်လာမယ်ဆိုရင် အကြောင်းပြချက် ကောင်းကောင်းမပေး နိုင်ရင် ဖမ်းဆီးတာမျိုးရှိတယ်။ ဆေးဝါးဆိုရင်လည်း လွိုင်ကော်မြို့ထဲမှာတင် အကန့် အသတ်နဲ့ ဝယ်ယူရတဲ့အနေအထားကို ရောက်နေတာပေါ့”
ကရင်နီပြည်နယ်ထဲမှာ ဆေးဝါးနဲ့ စားသောက်ကုန် ဈေးနှုန်းတွေလည်း လေးဆလောက် ဈေးမြင့်တက်သွားတယ်လို့ သူက ပြောပါတယ်။
အခု ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေနဲ့ နီးစပ်တဲ့ ဒီးမော့ဆိုမြို့နယ်ထဲမှာဆိုရင် စစ်ဘေးဒုက္ခသည် လေးထောင်ဝန်းကျင်ရှိနေပြီး ဒုက္ခသည်စခန်းက ၄ဝ ခန့်ရှိတယ်လို့ ဒီးမော့ဆိုမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (DMO-PDF) တာဝန်ရှိသူက ပြောပါတယ်။
သယ်ယူပို့ဆောင်ရေး လမ်းကြောင်းတွေ ဖြတ်တောက်ခံနေရတာကြောင့် စစ်ဘေးဒုက္ခသည် စခန်း တစ်ဝက်လောက်မှာ ရိက္ခာပြတ်တောက်နေတယ်လို့ ဒီးမော့ဆို PDF ရဲ့ ပြန်ကြားရေး တာဝန်ခံက ပြောပါတယ်။
“တချို့စစ်ဘေးရှောင်စခန်းက လေးရာနဲ့ ငါးရာကြားမှာရှိတယ်။ တချို့စစ်ရှောင်စခန်းက တစ်ရာကျော်ရှိတယ်။ တချို့စစ်ရှောင်စခန်းက တော်တော်များတယ်။ စာရင်းအရတော့ လေးထောင်ကျော်တယ်။ စစ်ရှောင်စခန်း တော်တော်များများက ပြတ်လပ်မှုတွေ ကြုံနေ ရတယ်လို့ ပြောလို့ရတယ်။ ဘယ်စစ်ရှောင်စခန်းမှလည်း လုံလုံလောက်လောက် မရှိ ဘူးလေ။ လုံးဝပြတ်တောက်နေတဲ့ ကာလဆိုတော့ ထက်ဝက်နီးပါးလောက်တော့ ပြောလို့ရတာပေါ့”
စစ်ဘေးဒုက္ခသည်စခန်းဆိုပေမယ့် အတည်တကျ စခန်းဖွဲ့စည်းတည်ဆောက်ထားတာမျိုး မဟုတ်ဘဲ တောထဲမှာ မိုးကာမိုးပြီး ဖြစ်သလို စုစည်းထားရတဲ့ နေရာတွေလည်း ရှိနေပါ တယ်။
ဒီးမော့ဆိုမြို့နဲ့ ၁ဝ မိုင်လောက်ပဲကွာတဲ့ ဖရူဆိုမြို့နယ် အနောက်ဘက်ခြမ်းမှာတော့ စစ်ဘေးဒုက္ခသည် ခြောက်ထောင်ဝန်းကျင်ရှိနေပြီး စခန်းတစ်ခုကို လူ ၅ဝဝ ဝန်းကျင် နေထိုင်တဲ့ ဒုက္ခသည်စခန်း နှစ်ခု ဖွင့်လှစ်ထားတယ်လို့ ဖရူဆိုမြို့နယ် အနောက်ဘက်ခြမ်း စစ်ဘေးရှောင်ကူညီစောင့်ရှောက်ရေး ကော်မတီရဲ့ ပြောပြချက်အရ သိရပါတယ်။
လက်ရှိမှာတော့ ရိက္ခာနဲ့ ဆေးဝါးသယ်ယူဖို့ လမ်းကြောင်းတစ်ခုရှိပေမယ့် မိုးရွာသီရောက် ရင် ရိက္ခာပြတ်တောက်မယ့်အရေး ကြုံနေရတယ်လို့ ဖရူဆိုမြို့နယ် အနောက်ဘက်ခြမ်း စစ်ဘေးရှောင်ကူညီစောင့်ရှောက်ရေး ကော်မတီက တာဝန်ရှိသူတစ်ယောက်က ပြောပါတယ်။
“ကျွန်တော်တို့ အခုသုံးနေတဲ့ လမ်းကြောင်းက မိုးရာသီဆို လုံးဝအဆင်မပြေတော့ဘူး။ သွားရလာရတာ အခက်အခဲရှိမယ်။ အဲဒီအတွက် ကြိုတင်ပြီး ဆန်တွေ၊ ရိက္ခာတွေ စုဖို့ လိုလိမ့်မယ်။ အကယ်၍ မစုနိုင်ဘူး ဆိုရင်တော့ မိုးရာသီရောက်ရင် ရိက္ခာက ပြတ်သွား မယ့်အနေအထားရှိတယ်။ လမ်းကြောင်းအခြေအနေ အရပေါ့။ မိုးကာကလည်း ဆွေးနေ တဲ့အခါကျတော့ အသစ်ပြန်မိုးဖို့ လိုလိမ့်မယ်”
စခန်းမှာမနေထိုင်တဲ့ စစ်ဘေးဒုက္ခသည်တွေကတော့ နီးစပ်ရာ၊ ဆွေမျိုး၊ မိတ်ဆွေတွေရဲ့ အိမ်တွေနဲ့ တောတောင်ထဲမှာ နေထိုင်ကြပါတယ်။
လက်ရှိ ဖရူဆိုမြို့နယ်မှာ တိုက်ပွဲတွေ ငြိမ်သက်နေပေမယ့် ပြီးခဲ့တဲ့ တစ်ပတ်အတွင်း ဖရူဆို၊ ဒီးမော့ဆို၊ လွိုင်ကော်နဲ့ ရှမ်း-ကယားနယ်စပ် မိုးဗြဲမြို့နယ်တွေမှာ တိုက်ပွဲတွေ ပြင်းထန်ခဲ့ တယ်လို့ ကရင်နီ အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (KNDF) က ဧပြီ ၂၄ ရက်နေ့မှာ သတင်း ထုတ်ပြန်ပါတယ်။
ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (UN OCHA) ရဲ့ ဧပြီလ ၁၉ ရက်နေ့ စာရင်းအရ စစ်အာဏာသိမ်းပြီးနောက် မြန်မာတစ်နိုင်ငံလုံးမှာ စစ်ဘေးဒုက္ခသည် ငါးသိန်းခွဲ ကျော် ရှိနေပါတယ်။ လုံခြုံရေးအခြေအနေတွေအရ ဒုက္ခသည်တွေဆီ အကူအညီတွေ ရောက်ဖို့ ခက်ခဲနေတယ်လို့လည်း UNOCHA က ဆိုပါတယ်။ ရိက္ခာသယ်တဲ့ လမ်းကြောင်း တွေ ပိတ်ဆို့ကန့်သတ်ခံနေရတာနဲ့ ပတ်သက်လို့ စစ်ကောင်စီ ပြောခွင့်ရ ဗိုလ်ချုပ် ဇော်မင်းထွန်းကို RFA က ဆက်သွယ်လို့ မရသေးပါဘူး။
လက်ရှိမှာတော့ ရိက္ခာသယ်ယူရေး လမ်းကြောင်းတွေ ပိတ်ဆို့ခံထားရလို့ အခက်အခဲရှိ နေတဲ့ စစ်ဘေးဒုက္ခသည်တွေဟာ ထောက်ပံ့ကူညီမယ့်သူတွေကို မျှော်လင့်နေတယ်လို့ စစ်ဘေးဒုက္ခသည်အရေး ကူညီနေသူတွေက ပြောကြပါတယ်။