ရှမ်းတောင်နဲ့ ကယားမှာ အာဏာသိမ်းနှစ်နှစ်အတွင်း ဒေသခံ ၄၃၀ သေဆုံးခဲ့
ရှမ်းပြည်နယ်တောင်ပိုင်း မိုးဗြဲ၊ ဖယ်ခုံနဲ့ ကယားပြည်နယ်အတွင်းမှာ စစ်အာဏာသိမ်းနှစ်နှစ်အတွင်း ဒေသခံ ၄၃၀ ဦး သေဆုံးခဲ့ရတယ်လို့ တိုးတက်သော ကရင်နီပြည်သူ့အင်အားစု PKPF က ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက် ဒီနေ့မှာ သတင်းထုတ်ပြန်ပါတယ်။
-
RFA Burmese
2023-02-01 -
-
-
ရှမ်းပြည်နယ်တောင်ပိုင်း မိုးဗြဲ၊ ဖယ်ခုံနဲ့ ကယားပြည်နယ်အတွင်းမှာ စစ်အာဏာသိမ်း နှစ်နှစ်အတွင်း ဒေသခံ ၄၃၀ ဦး သေဆုံးခဲ့ရတယ်လို့ တိုးတက်သော ကရင်နီပြည်သူ့ အင်အားစု PKPF က ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက် ဒီနေ့မှာ သတင်းထုတ်ပြန်ပါတယ်။
အာဏာသိမ်းနှစ်နှစ်အတွင်း စစ်ကောင်စီတပ်သားတွေ ဖမ်းဆီးသတ်ဖြတ်တာကြောင့် သေဆုံးခဲ့ရတဲ့ ဒေသခံ ၃၀၂ ဦးရှိခဲ့ပြီး စစ်ဘေးရှောင်ရင်း သေဆုံးရသူ ၁၂၈ ဦးရှိခဲ့တယ်လို့ PKPF တာဝန်ရှိသူတစ်ဦးက RFA ကို ပြောပါတယ်။
“အခုနောက်ပိုင်းက စစ်ဘေးရှောင်ရင်း သေဆုံးရတဲ့သူတွေ စာရင်းထဲမှာဆိုရင် လက်နက်ကြီးကြောင့် သေဆုံးရတာတွေက ပိုများလာတာပေါ့နော်။ ပြောရရင် သေဆုံးရမှုတွေထဲမှာ ဖမ်းဆီးသတ်ဖြတ်ခံရတာနဲ့ လက်နက်ကြီးကြောင့် သေဆုံးရတာတွေက အများဆုံးဖြစ်တာကို တွေ့ရတယ်”
၂၀၂၁ ခုနှစ်အတွင်း လက်နက်ကြီးကြောင့် သေဆုံးသူ ၂၃ ဦးရှိခဲ့ပြီး ၂၀၂၂ ခုနှစ်ကနေ ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ အတွင်း ၄၆ ဦးအထိ သေဆုံးခဲ့ရတယ်လို့ ဆိုပါတယ်။
အာဏာသိမ်းနှစ်နှစ်အတွင်း ရှမ်းပြည်တောင်ပိုင်း မိုးဗြဲ၊ ဖယ်ခုံနဲ့ ကယားပြည်နယ်အတွင်းမှာ တိုက်ပွဲပေါင်း (၅၆၂) ကြိမ်ဖြစ်ခဲ့ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် ၂၁၉ ဦးသေဆုံးခဲ့သလို စစ်ကောင်စီတပ်ဘက်က ၁၅၈၁ ဦး သေဆုံးခဲ့တယ်လို့ PKPF ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
စစ်ကောင်စီတပ်ရဲ့ လေကြောင်းတိုက်ခိုက်မှု (၁၉၀) ကြိမ်ရှိခဲ့ပြီး လက်နက်ကြီးနဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ဘာသာရေးအဆောက်အအုံ ၂၈ လုံးအပြင် အရပ်သားနေအိမ် ၁၃၁၇ လုံးပျက်စီးခဲ့တယ်လို့ ပါဝင်ပါတယ်။
လက်ရှိအချိန်အထိ ဖမ်းဆီးခံထားရသူ ၂၇၉ ဦးရှိပြီး အဲဒီအထဲမှာ သေဒဏ်ကျခံရသူ သုံးဦးနဲ့ ထောင်ဒဏ်တစ်သက် ကျခံရသူက လေးဦးရှိတယ်လို့ PKPF က ဆိုပါတယ်။
ဒီထုတ်ပြန်ချက်နဲ့ပတ်သက်လို့ စစ်ကောင်စီရဲ့ သဘောထားကိုသိနိုင်ဖို့ စစ်ကောင်စီရဲ့ ကယားပြည်နယ်ပြောခွင့်ရ လူမှုရေးဝန်ကြီး ဦးအောင်ဝင်းဦးကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် ဖုန်းလက်ခံဖြေဆိုတာ မရှိပါဘူး။
အာဏာသိမ်း နှစ်နှစ်တာကာလအတွင်း နေရပ်မပြန်နိုင်သေးတဲ့ စစ်ဘေးဒုက္ခသည် နှစ်သိန်းဝန်းကျင်ရှိနေပြီး အဲဒီစစ်ဘေးဒုက္ခသည်တွေဟာ တိုက်ပွဲတွေကြောင့် ခဏခဏ ထပ်မံစစ်ဘေးရှောင်နေရတယ်လို့ ကရင်နီ လူ့အခွင့်အရေးအဖွဲ့ တာဝန်ရှိသူက ပြောပါတယ်။