ဒုက္ခသည်တွေကို ပထမဆုံး စမ်းသပ်ပြန်ပို့မည်

ထိုင်းမြန်မာနယ်စပ် နို့ဖိုးစစ်ပြေး ဒုက္ခသည်စခန်းက ကရင်တိုင်းရင်းသား ဒုက္ခသည် ၉ဝ လောက်ကို မြန်မာနိုင်ငံကို ပထမဆုံးအကြိမ် စမ်းသပ်ပြန်ပို့ဖို့ ထိုင်းအာဏာပိုင်တွေက စီစဉ်နေပါတယ်။

ထိုင်း - မြန်မာ နယ်စပ်မှာရှိတဲ့ ဒုက္ခသည်စခန်းတစ်ခုကို တွေ့ရစဉ် Photo: Wai Mar Tun/RFA

ထိုင်းမြန်မာနယ်စပ် နို့ဖိုးစစ်ပြေးဒုက္ခသည်စခန်းက ကရင်တိုင်းရင်းသား ဒုက္ခသည် ၉ဝ လောက်ကို  မြန်မာနိုင်ငံကို ပထမဆုံးအကြိမ် စမ်းသပ်ပြန်ပို့ဖို့ ထိုင်းအာဏာပိုင်တွေက စီစဉ်နေပါတယ်။

လာမယ့် အောက်တိုဘာလ ၂၅ ရက်နေ့မှာ ပြန်လည်ပို့ဆောင်မှာဖြစ်ပြီး ၂၀၁၄ ခုနှစ်ကတည်းက မဲဆောက်မြို့ အခြေစိုက် ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး UNHCR က စာရင်းကောက်ခံခဲ့ပြီးနောက် ရရှိတဲ့စာရင်းအတိုင်း စမ်းသပ်ပြန်ပို့ဖို့ ဖြစ်လာတာလို့ နို့ဖိုးဒုက္ခသည်စခန်းကော်မတီ ဥက္ကဌ စောဝေါ က RFA ကို ပြောပါတယ်။

"ဒီမနက်ကျတော့ ဒီပြန်မည့်အစီအစဉ်မှာ ထွက်တဲ့နေ့မှာ သူတို့ ကျနော်တို့စခန်းအထိ လာပြီကြိုပေးမယ်၊ လာပြီး အင်တာဗျူးပြီး ခရီးသွားထောက်ခံစာ ပေးတာကတော့ လူဦးရေ ၉ဝ ရှိတယ် မိသားစုကြတော့ ၂၆ စုနော်၊ အဲ့ဒါကို ဒီလာမည့် ၂၅ ရက်နေ့မှာ ဒီ IOM ကားနဲ့ပဲ သူတို့ အဲ့ဒီ မြဝတီကမ်းနားအထိ လာပို့ဖို့ အစီအစဉ် ချထားပေးပြီးပြီ၊ ဒါပေမဲ့ ပြန်မည့်မိသားစုက အခု လောလောဆယ် တချို့မိသားစုက မြဝတီ ကနေ နယ်စပ်ဖြတ်ရမယ်ဆိုတော့တချို့က စိတ်မသန်တဲ့ မိသားစု  တစ်စုနှစ်စုတော့ရှိတယ်။ ဒါပထမဆုံး အကြိမ်လည်းဖြစ်တယ်လေ၊ ဒီ ထိုင်းနိုင်ငံ နယ်စပ်မှာရှိတဲ့ ဒုက္ခသည် ၉ ခုထဲမှာမှ ကျနော်တို့စခန်းကို ပထမဆုံး အသုတ်အနေနဲ့ Pilot သဘောမျိုးနဲ့ လုပ်တာပေါ့နော်"

အဲဒီပြန်ကြမယ့် ဒုက္ခသည်တွေထဲမှာ တချို့က မြဝတီမြို့ ဖလူးဒေသအနီးမှာရှိတဲ့ နီပွန်ဖောင်ဒေးရှင်းက ဆောက် ထားတဲ့ တန်ဖိုးနည်း အိမ်ယာစီမံကိန်းမှာ နေထိုင်ရမယ့်သူတွေလည်း ပါဝင်ပါတယ်။

ကျန်တဲ့မိသားစုတွေကတော့ ရန်ကုန်၊ မော်လမြိုင်နဲ့ ကရင်ပြည်နယ်အတွင်းက မိမိနေရပ်ရင်းမှာ ပြန်လည်နေ ထိုင်ကြရမည့် ဒုက္ခသည်တွေ ဖြစ်ကြတယ်လို့ နို့ဖိုးဒုက္ခသည်စခန်းကော်မတီ ဥက္ကဌ စောဝေါ ကပြောပါတယ်။

ဒီဒုက္ခသည်တွေ ပြန်ပို့မည့်ကိစ္စနဲ့ ပတ်သက်လို့ ကရင်ဒုက္ခသည်ကော်မတီ KRC အဖွဲ့အနေနဲ့ ထဲထဲဝင်ဝင် ပါဝင်ခဲ့တာမရှိသလို သေသေချာချာ အကြောင်းကြား ဆွေးနွေးမှုတွေ မရှိခဲ့တဲ့အတွက် မသိရှိကြောင်းနဲ့ KRC အဖွဲ့ရဲ့ သဘောထားကို ဘဏ္ဍာရေးအကြံပေးဖြစ်တဲ့ နော်ဘလူးမင်းနိုက်ဇန် က  ပြောဆိုပါတယ်။

"ကျမတို့ KRC ရဲ့ ရပ်တည်ချက်က အခြေအနေအကုန်လုံးကောင်းပြီး အစီအစဉ်နဲ့ စနစ်တကျ စီစဉ်လို့ ရတဲ့အချိန်မှပြန်ဖို့ ဒါက ကျမတို့ရဲ့ရပ်တည်ချက်၊ သို့သော်ငြားလည်းပဲ မိမိဆန္ဒအလျောက် မိမိဟာ မိမိရွေးချယ်ပြီးပြန်တာကို ကျမတို့က မတားမြစ်ဘူး၊ အားလည်းမပေးဘူး၊ အစီအစဉ်နဲ့ စနစ်တကျ နဲ့ ပြန်တဲ့အခါကျမှ သေချာအာမခံချက်တို့၊ စနစ်တကျနဲ့ နေရာချထားမှု ဘာတွေအစ စီစဉ်ပြီးတော့ ပန်နယ်ချပြီးမှ  ပြန်မည့်အတွက်ကြောင့်မိုလို့ အခုအချိန်မှာ ပြင်ဆင်တုန်းပဲပေါ့ ပြီးတော့လည်း ပြည်တွင်း အခြေအနေအပေါ်မှာ ကျမတို့က ကြည့်ပြီးတော့မှ ဒီအစီအစဉ်ဟာ ပြန်ဖို့အချိန် မသင့်တော်သေးဘူးလို့ ခံယူထားတဲ့အတွက်ကြောင့်မိုလို့ ကျမတို့ ဒီလိုပဲ ပြောရတာပေါ့နော်"

ထိုင်းမြန်မာနယ်စပ်က ကရင်ဒုက္ခသည်စခန်း ၉  ခုမှာ ဒုက္ခသည်ဦးရေ တစ်သိန်းကျော်နေထိုင်လျက်ရှိပြီး နို့ဖိုး ဒုက္ခသည်စခန်းမှာတော့ လက်ရှိ ဒုက္ခသည်စုစုပေါင်း တစ်သောင်းတစ်ထောင်ကျော် အိမ်ထောင် စုပေါင်း နှစ်ထောင်နှစ်ရာခန့်ရှိတယ်လို့လည်း သိရပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org