KNU စီးပွားရေးလုပ်ငန်းတွေကို အရပ်ဘက်အဖွဲ့တွေ ကန့်ကွက်
တင်္သာရီတိုင်းဒေသကြီးအတွင်းမှာ ကရင်အမျိုးသားအစည်းအရုံး KNU အဖွဲ့ပိုင် ကုမ္ပဏီကဆောင်ရွက်မယ့် စီမံကိန်းတွေဟာ ပွင့်လင်းမြင်သာမှုနဲ့ တာဝန်ယူ၊ တာဝန်ခံမှု၊ ဒေသခံတွေရဲ့ သဘောတူညီမှု ရယူခြင်းမရှိဘဲ မဆောင်ရွက်သင့်ဘူးလို့ တိုင်းဒေသကြီးအတွင်းမှာရှိတဲ့ အရပ်ဘက်လူမှုအဖွဲ့အစည်း ၃၀၀ ကျော်က သဘောထား ထုတ်ပြန်ကြေညာပါတယ်။
-
2016-12-16 -
-
-
တင်္သာရီတိုင်းဒေသကြီးအတွင်းမှာ ကရင်အမျိုးသားအစည်းအရုံး KNU အဖွဲ့ပိုင် ကုမ္ပဏီကဆောင်ရွက်မယ့် စီမံကိန်းတွေဟာ ပွင့်လင်းမြင်သာမှုနဲ့ တာဝန်ယူ၊ တာဝန်ခံမှု၊ ဒေသခံတွေရဲ့ သဘောတူညီမှု ရယူခြင်းမရှိဘဲ မဆောင်ရွက်သင့်ဘူးလို့ တိုင်းဒေသကြီးအတွင်းမှာရှိတဲ့ အရပ်ဘက်လူမှုအဖွဲ့အစည်း ၃၀၀ ကျော်က သဘောထား ထုတ်ပြန်ကြေညာပါတယ်။
တနင်္သာရီတိုင်းထဲမှာ အရင်စီမံကိန်းတွေကြောင့် ဒေသခံတွေ ခံစားရတဲ့ဒုက္ခတွေကို မဖြေရှင်းနိုင်သေးခင် မှာ နောက်ထပ် စီမံကိန်းအသစ်တွေ မလုပ်သင့်ဘူးလို့ ထားဝယ်မြို့နယ်အခြေစိုက် တာကပေါလူငယ်အဖွဲ့က မနော်ပီသလော က ပြောပါတယ်။
"ဖိတ်ကြားလွှာမှာ KNU ရဲ့လိုဂိုလည်း ပါတယ်ပေါ့နော်။ ပြီးတော့ KNU ဥက္ကဌကိုယ်တိုင် ဒီပွဲကို တက်ရောက်ချီးမြှင့်တယ်ပေါ့။ အခုလက်ရှိမှာတောင် ဒီဖွံ့ဖြိုးရေးစီမံချက်တွေကြောင့် ထိခိုက်နစ်နာတဲ့ ကိစ္စရပ်တွေ အများကြီးရှိတယ်။ အရင်တုန်းက ရှိခဲ့ပြီးတဲ့ ပြဿနာတွေကိုတောင်မှ ပြေလည်အောင် မဖြေရှင်းနိုင်သေးဘဲနဲ့ စီမံချက်အသစ်တွေ လုပ်မယ်ဆိုတာကို ကျွန်မတို့က ထုတ်ဖော်လိုက်တာပေါ့နော်။ ဒ့ါကြောင့် ဒီဟာတွေအားလုံးကို မရှင်းမလင်းဖြစ်နေသေးတဲ့အချိန်မှာ ဒီစီမံချက်တွေကို မလုပ်ဖို့ ကျွန်မတို့က ရေးလိုက်တာဖြစ်တယ်"
တနင်္သာရီတိုင်းအတွင်း KNU ပိုင် ကုမ္ပဏီက ဆောင်ရွက်မယ့် စီမံကိန်းတွေထဲမှာ ထားဝယ်မြို့နယ်မှာ မယ်သမီးခီး စက်မှုဇုန်နဲ့ စက်မှုမြို့စီမံကိန်း၊ တနင်္သာရီမြစ်ပေါ်မှာ ရေအားလျှပ်စစ်စီမံကိန်း၊ ထီးခီး-ကနက်သီရိလမ်းသစ်စီမံကိန်း နဲ့ အသေးစားဆိပ်ကမ်းတည်ဆောက်ရေးလုပ်ငန်းတွေ ပါဝင်ပါတယ်။
အဲဒီစီမံကိန်းတွေအတွက် ဒီဇင်ဘာ ၁၃ ရက်နေ့က KNU ပိုင် Noble Prince Company Limited, Sun and Rainbow Company Limited နဲ့ Power China International Limited တို့က နားလည်မှုစာချွန်လွှာရေးထိုး ခဲ့တာဖြစ်ပါတယ်။
အဲဒီစီမံကိန်းတွေကြောင့် မိရိုးဖလာ လုပ်ကိုင်စားသောက်ကြတဲ့ စိုက်ပျိုးရေးလုပ်ငန်းတွေ ထိခိုက်တာ၊ မြေယာ သိမ်းယူမှုတွေဖြစ်လာမှာ သစ်ထုတ်မယ့်သူတွေ ဝင်ရောက်လာမှာကို စိုးရိမ်တယ်လို့လည်း ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။
အခုလက်ရှိ အခြေအနေမှာတောင် တနင်္သာရီတိုင်းအတွင်းမှာ ဆီအုန်းစီမံကိန်းတွေ၊ ဘန်းချောင်းကျောက်မီးသွေး တူးဖော်ရေး စီမံကိန်းတွေကြောင့် ဒေသခံတွေ ထိခိုက်ခံစားနေကြရတယ်လို့ ပြောပါတယ်။