ကမန်တိုင်းရင်းသားတွေ အလုပ်အကိုင် အခက်တွေ့နေ
ရခိုင်ပြည်နယ် ရမ်းဗြဲမြို့က ကမန်တိုင်းရင်းသားဒုက္ခသည်တွေကို အစိုးရက ရန်ကုန်မြို့ ကို ပြောင်းရွှေ့နေထိုင်ခွင့်ပေးလိုက်ပေမယ့် လက်ရှိမှာ အဲဒီဒုက္ခသည်တွေဟာ နေထိုင် စားသောက်ရေးအတွက် အခက်အခဲကြုံနေရတယ်လို့ ကမန်တိုင်းရင်းသားလူမှုကွန်ရက်အဖွဲ့ က ပြောပါတယ်။
-
2017-08-03 -
-
-
ရခိုင်ပြည်နယ် ရမ်းဗြဲမြို့က ကမန်တိုင်းရင်းသားဒုက္ခသည်တွေကို အစိုးရက ရန်ကုန်မြို့ကို ပြောင်းရွှေ့နေထိုင် ခွင့်ပေးလိုက်ပေမယ့် လက်ရှိမှာ အဲဒီဒုက္ခသည်တွေဟာ နေထိုင်စားသောက်ရေးအတွက် အခက်အခဲကြုံနေရတယ် လို့ ကမန်တိုင်းရင်းသားလူမှုကွန်ရက်အဖွဲ့က ပြောပါတယ်။
နေထိုင်ဖို့မြေနေရာဖန်တီးပေးဖို့နဲ့ အလုပ်အကိုင်အခွင့်အလမ်းတွေလည်း အစိုးရက ဖန်တီးပေးစေချင်တယ်လို့ ကမန်တိုင်းရင်းသားလူမှုကွန်ရက်အဖွ့ဲ ဥက္ကဌ ဦးထွန်းဝေက ပြောပါတယ်။
"ရမ်းဗြဲမြို့မှာ မူလပိုင်နေရာကို ၂ဝ၁၂ ခုနှစ်ကနေပြီး ဖျက်ဆီးခံရပြီးတော့ ဒုက္ခသည်စခန်း ဖျက်သိမ်းတဲ့အခါမှာ အဲဒီနေရာမှာပဲ နေရထိုင်ခင်းချထားပေးမယ်လို့ မျှော်မှန်းထားခဲ့ပါတယ်။ နိုင်ငံတော်သမ္မတရုံးက အမိန့်ကြေညာ ချက်နဲ့ ရန်ကုန်မြို့ကို ပြောင်းရွှေ့ရမယ်ဆိုပြီး တရားဝင်ထွက်လာတော့ ကျနော်တို့ တိုင်းရင်းသားလူမျိုးနွယ်တစ်ခု အနေနဲ့ သူတို့နေရာထိုင်ခင်းလေး အလုပ်အကိုင်လေးနဲ့ အစိုးရက လုပ်ပေးဖို့ တောင်းဆိုချင်ပါတယ်"
ပြီးခဲ့တဲ့ ၂ဝ၁၂ ခုနှစ် ရခိုင်ပြည်နယ် ပဋိပက္ခတွေဖြစ်ပွားခဲ့ပြီးနောက်ပိုင်း ရမ်းဗြဲမြို့က ကမန်တိုင်းရင်းသား အိမ်ထောင်စု ၁၂ဝ ကို အစိုးရက တဖြည်းဖြည်းချင်း ပြောင်းရွှေ့ပေးခဲ့တာ ဖြစ်ပါတယ်။
အခုလို အခက်အခဲတွေကို ပြီးခဲ့တဲ့လ ဇူလိုင်လဆန်းပိုင်းက နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်၊ ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူနဲ့ လူမှုဝန်ထမ်းကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေးဝန်ကြီးဌာနတို့ကို အကြောင်းကြား ခဲ့သလို ဇူလိုင်လ ၁ဝ ရက်နေ့က မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေးအထူး ကိုယ်စားလှယ် မစ္စယန်ဟီးလီနဲ့ တွေ့ဆုံရာမှာလည်း အကူအညီပေးဖို့ တင်ပြတောင်းဆိုခဲ့တယ်လို့ ပြောပါတယ်။
ရမ်းဗြဲမြို့ ကမန်ဒုက္ခသည်စခန်းကနေ လက်ရှိ ရန်ကုန်မြို့ကိုရောက်နေကြတဲ့ ကမန်တိုင်းရင်းသား ဒုက္ခသည် ၆ဝဝ ကျော်လောက်ရှိတယ်လို့ ပြောပါတယ်။