ကမန်အိမ်ထောင်စု ၅၅စုကိစ္စ ပြန်သုံး သပ်ပေးဖို့အဆိုကို ကမန်ပါတီ ကန့်ကွက်
ပြည်သူ့လွှတ်တော်မှာ မကြာခင် ဆွေးနွေးမယ့် ရန်ကုန်ကို ပြောင်းရွှေ့ခွင့်ပြုထားတဲ့ ကမန်တိုင်းရင်းသား အိမ်ထောင်စု ၅၅ စု ကိစ္စအပေါ် ပြန်လည်သုံးသပ်ပေးဖို့ အဆိုကို ကန့်ကွက်ကြောင်း ကမန်အမျိုးသား တိုးတက်ရေးပါတီ ခေါင်းဆောင်တွေနဲ့ ပြောင်းရွှေ့ခံမိသားစုတွေက ဒီနေ့ သတင်းစားရှင်းလင်းပွဲမှာ ပြောလိုက်ပါတယ်။
-
2018-03-11 -
-
-
ပြည်သူ့လွှတ်တော်မှာ မကြာခင် ဆွေးနွေးမယ့် ရန်ကုန်ကို ပြောင်းရွှေ့ခွင့်ပြုထားတဲ့ ကမန်တိုင်းရင်းသား အိမ်ထောင်စု ၅၅ စု ကိစ္စအပေါ် ပြန်လည်သုံးသပ်ပေးဖို့ အဆိုကို ကန့်ကွက်ကြောင်း ကမန်အမျိုးသား တိုးတက်ရေး ပါတီ ခေါင်းဆောင်တွေနဲ့ ပြောင်းရွှေ့ခံမိသားစုတွေက ဒီနေ့ သတင်းစားရှင်းလင်းပွဲမှာ ပြောလိုက်ပါတယ်။
အဲဒီအဆိုကို ပြည်သူ့လွှတ်တော်မှာ ဆွေးနွေးတဲ့အခါ ကမန်တိုင်းရင်းသားတွေအတွက် မှန်မှန်ကန်ကန် ရပ်တည်ပေး ဖို့ NLD ကိုယ်စားလှယ်တွေကို တောင်းဆိုတယ်လို့ ကမန်အမျိုးသားတိုးတက်ရေးပါတီရဲ့ ဗဟို အလုပ်မှုဆောင် ကော်မတီဝင် ဦးတင်ငွေ က ပြောပါတယ်။
"လက်ရှိ မြန်မာ့နိုင်ငံရေး အနေအထားပေါ်မှာ အလွဲသုံးစားလုပ်ပြီးတော့ ကျနော်တို့ ကမန်ကို တိုင်းရင်းသားကို ခုတုံးလုပ်ပြီးတော့ အသုံးချလိုက်တာဖြစ်တယ်။ ကျနော့်အနေနဲ့ ဒီနေရာက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ လွှတ်တော်ကိုယ်စားလှယ်ကြီးတွေကို ကျနော်တို့ ကမန်တိုင်းရင်းသားတွေနဲ့ ပတ်သက်ပြီးတော့ မှန်မှန်ကန်ကန် ရပ်တည်ပေးဖို့ တောင်းဆိုပါတယ်။ တိုင်းရင်းသားတစ်ဦးရဲ့ ရပိုင်ခွင့် ဒါတွေကို သိထားဖို့တော့ လိုတာပေါ့"
ရမ်းဗြဲမြို့နယ်က ကမန်အိမ်ထောင်စု ၅၅ စုကို မစ္စတာ ကိုဖီအာနန်ကော်မရှင်ရဲ့ အကြံပြုချက်နဲ့အညီ ပြီးခဲ့တဲ့ နှစ်လယ်ပိုင်းလောက်က ရန်ကုန်မြို့ကို ပြောင်းရွှေ့နေထိုင်ခွင့်ပြုထားတဲ့ ကိစ္စကို ပြန်လည်သုံးသပ်ပေးဖို့ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီရဲ့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမောင်မြင့်က ပြီးခဲ့တဲ့ မတ်လ ၅ ရက်နေ့က အစိုးရထံ တိုက်တွန်းကြောင်းအဆို တင်သွင်းခဲ့တာဖြစ်ပါတယ်။
အဲဒီအဆိုကို ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီက လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာ မောင်သင်းက ထောက်ခံခဲ့ပြီး အဆိုတင်သွင်းမှုကို ကန့်ကွက်သူမရှိတဲ့အတွက် လာမယ့် မတ်လ ၁၅ ရက်နေ့မှာ ဆွေးနွေးဖို့ လွှတ်တော်က ဆုံးဖြတ်ထားပါတယ်။
အဆိုတင်သွင်းသူ ဦးမောင်မြင့်က ရခိုင်ပြည်နယ်မှာဖြစ်တဲ့ ကင်ဆာဆဲလ်ကို ရခိုင်မှာပဲ ကုတာကောင်းကြောင်းနဲ့ ကင်ဆာဆဲလ်တွေကို ရန်ကုန်ပို့မယ်ဆိုရင် တစ်ပြည်လုံး ပြန့်သွားမှာ ဖြစ်ကြောင်း လွှတ်တော်မှာ ပြောကြားခဲ့ ပါတယ်။
ကမန်တွေဟာ တိုင်းရင်းသား ၁၃၅ မျိုးထဲမှာ စာရင်းဝင်သူတွေဖြစ်တဲ့အတွက် လွတ်လပ်စွာ သွားလာခွင့်ရှိကြောင်း သူတို့ကို ကင်ဆာဆဲလ်တွေလို့ ခိုင်းနှိုင်းပြောဆိုတာဟာ လူနည်းစုရဲ့ ဂုဏ်သိက္ခာကို ထိခိုက်စေကြောင်း ပြောပါတယ်။
ဒီနေ့ သတင်းစာရှင်းလင်းပွဲကို ကမန်အမျိုးသားတိုးတက်ရေးပါတီ၊ ကမန်တိုင်းရင်းသားလူမှုကွန်ရက်နဲ့ ပြောင်းရွှေ့ ခံရတဲ့ ကမန်တိုင်းရင်းသားတွေ ၃၀ ခန့် တက်ရောက်ခဲ့ပါတယ်။
ရခိုင်ပြည်နယ်မှာ ၂၀၁၂ ခုနှစ်က ဖြစ်ပွားခဲ့တဲ့ ဘာသာရေးပဋိပက္ခတွေကြောင့် နေအိမ် မီးလောင်ပျက်စီးသွားသူတွေ ကို နေရာချထားပေးခဲ့တဲ့ ကျောက်ဖြူ၊ ရမ်းဗြဲ နဲ့ ပေါက်တောက ဒုက္ခသည်စခန်း ၃ ခုကို ပိတ်သိမ်းဖို့ နေရာပြန်လည် ချထားပေးဖို့ မစ္စတာ ကိုဖီအာနန် ကော်မရှင်က အကြံပြုထားတာဖြစ်ပါတယ်။
အဲဒီစခန်း ၃ ခုထဲမှာ ရမ်းဗြဲမြို့နယ်က စခန်းမှာ ကမန်တိုင်းရင်းသား အများဆုံး နေထိုင်တာဖြစ်ပါတယ်။ အဲဒီ စခန်းတွေကို ပိတ်သိမ်းပြီးနောက် ကမန်အိမ်ထောင်စု ၅၅ စုကို အစိုးရက ပြီးခဲ့တဲ့နှစ်က ရန်ကုန်ကို ပြောင်းရွှေ့ခွင့် ပြုခဲ့တာဖြစ်ပါတယ်။