မြစ်သာမြစ်ရေ မြင့်တက်မှုကြောင့် ကလေးမြို့နယ်မှာ ရေကြီးနေ

စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့နယ်နဲ့ တမူးမြို့နယ်တွေမှာ မြစ်သာမြစ်ရေမြင့်တက်မှုကြောင့် လူဦးရေ ၂၈၀၀ ကျော်လောက် ကယ်ဆယ်ရေးစခန်းတွေကို ပြောင်းရွှေ့ထားရပြီး လမ်းတံတားပျက်စီးမှုတွေ ဖြစ်ပေါ်နေ တယ်လို့ သိရပါတယ်။

စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့နယ်မှာ မြစ်သာမြစ်ရေမြင့်တက်မှုကြောင့် စက်တင်ဘာလ ၂၀ ရက်နေ့က ကယ်ဆယ်ရေး လုပ်ငန်းတွေ ဆောင်ရွက်နေစဉ် Photo: Thant Wai Kyaw/ Facebook

စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့နယ်နဲ့ တမူးမြို့နယ်တွေမှာ မြစ်သာမြစ်ရေမြင့်တက်မှုကြောင့် လူဦးရေ ၂၈၀၀ ကျော်လောက် ကယ်ဆယ်ရေးစခန်းတွေကို ပြောင်းရွှေ့ထားရပြီး လမ်းတံတားပျက်စီးမှုတွေ ဖြစ်ပေါ်နေတယ်လို့ သိရပါတယ်။

လူ ၂၈၀၀ ကျော်ကို ပြောင်းရွှေ့နေရာချထားပေးထားပြီး ကလေးနဲ့ တမူး ဆက်သွယ်တဲ့လမ်းကြောင်းတွေ ပြတ်တောက်နေတယ်လု့ိ စစ်ကိုင်းတိုင်းဒေသကြီး လူမှုဝန်ထမ်းကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ဦးစီးမှူး ဦးစဝီလီဖရန့်က ပြောပါတယ်။

"အခုလောလောဆယ် ကလေးဘက်မှာ လူဦးရေ ၂၈၀၀ ကျော် ရွှေ့ပြောင်းထားရတယ်။ ကျေးလက်တံတား ၃ စင်း၊ ကြိုးတံတား တစ်စင်းပါသွားတယ်။ အဝေးပြေးလမ်းမကြီးက ကနန်တံတားတော့ မပါဘူး၊  ချဉ်းကပ်လမ်း ပေ ၂၀၀ လောက်ပါသွားတယ်၊ တမူးဘက်သွားတဲ့လမ်းပေါ့၊ အခုလောလောဆယ် သွားလာရေး ဆက်သွယ်မှု ပြတ်တောက်နေတဲ့ အနေအထားတော့ရှိတယ်"

လက်ရှိ ကလေးမြို့နယ်မှာ ရပ်ကွက်နဲ့ကျေးရွာ ၁၀ ခုကျော်ထဲကို ရေတွေဝင်ရောက်နေတာကြောင့် ကယ်ဆယ်ရေး စခန်း ၁၂ ခုဖွင့်လှစ်ထားရှိပြီး အစိုးရတာဝန်ရှိသူတွေနဲ့ လူကယ်ပြန်အဖွဲ့က စားနပ်ရိက္ခာထောက်ပံ့ပေးနေပါတယ်။

မြစ်ရေမြင့်တက်မှုအခြေအနေဟာ ဧရာဝတီမြစ် အလယ်ပိုင်းနဲ့ အောက်ပိုင်းတွေမှာ ဖြစ်ပေါ်နေပြီး စစ်ကိုင်းတိုင်း အတွင်း မြစ်သာမြစ်ရေမြင့်တက်နေတာ ၆ ပေ ကျော်ရှိနေတယ်လို့ မိုးလေဝသနဲ့ ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ပြောပါတယ်။

နောက် ၂ ရက်လောက်မှာ ချင်းတွင်းမြစ်ရေမြင့်တက်လာနိုင်ပြီး ကလေးဝ၊ မင်းကင်း၊ ကနီနဲ့ မုံရွာမြို့တွေမှာ ရေ ကြီးရေလျှံမှုတွေဖြစ်နိုင်တယ်လို့ မိုးလေဝသနဲ့ ဇလဗေဒညွှန်ကြားမှုဦးစီးဌာန တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

"လက်ရှိအဲဒီရေတွေက မြစ်သာမြစ်ကနေ ချင်းတွင်းမြစ်ထဲဝင်တယ် ၊ ချင်းတွင်းမြစ်ဆိုတော့ ကလေးဝကို နောက် ၂ ရက်အတွင်း စိုးရိမ်ရေ မှတ်ရောက်ရှိနိုင်တယ်၊ နောက်မင်းကင်းမြို့ကိုလည်း နောက်တစ်ရက် အတွင်းရောက် ရှိနိုင်တယ်။ မုံရွာမြို့ကိုတော့ နောက် ၂ ရက်ကျော် ၃ ရက်မှာ စိုးရိမ်ရေမှတ်ကိုရောက်ရှိနိုင်ပါတယ်။"

ဘင်္ဂလားပင်လယ်အော်မှာ မုတ်သုံလေအားကောင်းနေတဲ့အတွက် မြန်မာတစ်နိုင်ငံလုံးနီးပါး မိုးရွာသွန်းမှု ဆက်လက်ဖြစ်ပေါ်နေမှာဖြစ်တယ်လို့ သိရပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org