စစ်ကောင်စီကို ငွေမချေးဖို့ အာဆီယံကို Justice for Myanmar တိုက်တွန်း
ထိုင်းနဲ့ ဘရူနိုင်းနိုင်ငံတွေဟာ စွမ်းအင်ကဏ္ဍရင်းနှီးမြှုပ်နှံမှုတွေကနေ တဆင့် အာဏာသိမ်းစစ်ကောင်စီရဲ့ ကြမ်းကြုတ်တဲ့ ရာဇဝတ်မှုတွေမှာ ပါဝင်ပတ်သက်နေတယ်လို့ ဖေဖော်ဝါရီလ ၂၃ ရက်နေ့ ထုတ် ကြေညာချက်ထဲမှာ Justice for Myanmar က ပြောဆိုထားပါတယ်။
- 2022-02-23
-
-
-
အာဏာသိမ်းစစ်ကောင်စီကို ငွေချေးနေတာတွေ ချက်ချင်းရပ်တန့်ကြဖို့ အာဆီယံနိုင်ငံတွေကို Justice for Myanmar အဖွဲ့ကတိုက်တွန်းတောင်းဆို လိုက်ပါတယ်။
ထိုင်းနဲ့ ဘရူနိုင်းနိုင်ငံတွေဟာ စွမ်းအင်ကဏ္ဍရင်းနှီးမြှုပ်နှံမှုတွေကနေ တဆင့် အာဏာသိမ်းစစ်ကောင်စီရဲ့ ကြမ်းကြုတ်တဲ့ ရာဇဝတ်မှုတွေမှာ ပါဝင်ပတ်သက်နေတယ်လို့ ဖေဖော်ဝါရီလ ၂၃ ရက်နေ့ ထုတ် ကြေညာချက်ထဲမှာ Justice for Myanmar က ပြောဆိုထားပါတယ်။
အာဆီယံနိုင်ငံတွေ အနေနဲ့ လူ့အခွင့်အရေးဆိုင်ရာ လိုက်နာပြဌာန်းချက်တွေကို လိုက်နာဖို့ လိုပြီး စစ်ကောင်စီရဲ့ စီးပွားရေးလုပ်ငန်းတွေကို အခွန်ငွေမပေးဖို့၊ ငွေကြေးထောက်ပံ့တာတွေကို မဖြစ်မနေ ရပ်တန့်ဖို့၊ ရင်းနှီးမြှုပ်နှံမှုတွေ ရုပ်သိမ်းဖို့ တောင်းဆိုချက်ထဲမှာ ပါပါတယ်။
ဒါ့အပြင် အာဆီယံနဲ့ ဒေသတွင်းနိုင်ငံတွေအနေနဲ့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG)ကို တရားဝင်အစိုးရအဖြစ် အသိအမှတ်ပြုဖို့၊ စစ်ကောင်စီကိုယ်စားလှယ်တွေကို အာဆီယံထိပ်သီး ညီလာခံနဲ့ ဆက်စပ်အစည်းအဝေးတွေ မဖိတ်ဖို့လည်း ပြောဆိုထားပါတယ်။
အာဆီယံနဲ့ မိတ်ဖက်တွေဖြစ်တဲ့ သြစတေးလျ၊ ဂျပန်၊ တောင်ကိုးရီးယား၊ ယူကေ၊ ကနေဒါ၊ ဥရောပသမဂ္ဂအပါအဝင် တခြားနိုင်ငံတွေကလည်း အာဆီယံအစိုးရတွေကို ဖိအားပေးဖို့ Justice for Myanmar က တောင်းဆိုပါတယ်။
Justice For Myanmar အဖွဲ့ဟာ မြန်မာပြည်သူတွေ တရားမျှတမှုနဲ့ တာဝန်ခံမှု ရရှိစေဖို့ လှုပ်ရှားနေတဲ့ အဖွဲ့တစ်ဖွဲ့ ဖြစ်ပါတယ်။