အစိုးရပေးတဲ့ စာကို ယူဆောင်လာတဲ့ ကချင် အတိုင်ပင်ခံ အဖွဲ့ ဥက္ကဌ ဦးဆင်ဝါးနော်က အခုလို ပြောပါတယ်။
"အရေးကြီးတဲ့စာ ဖြစ်ပြီး အီးမေးနဲ့ ရိုက်ဖို့ နဲနဲ ရှည်နေလို့၊ အဲဒါ ဟိုက လူကိုယ်တိုင် ပို့ပါဆိုလို့လေ။ လျှို့ဝှက်လည်း ဖြစ်မယ် ထင်ပါတယ်။ ဘာနဲ့ ပတ်သက်လဲ ဆိုတော့ ငြိမ်းချမ်းရေး ရဖို့ရယ်၊ အပစ်ရပ်ဖို့ရယ် အဓိက ကတော့ အဲဒါပါဘဲ။"
ဒီစာဟာ လျှို့ဝှက်စာလို့ ပြောပေမဲ့ ဘာမှ ထူးထူးခြားခြား မပါဘူးလို့ KIO က ပြောပါတယ်။ ပြီးခဲ့တဲ့ ဇွန်လ ၃၀ရက် ဆွေးနွေးပွဲမှာ KIO အဖွဲ့က တောင်းဆိုထားတဲ့ အချက်တွေကိုလည်း တချက်မှ ပြန်ကြားထားတာ မတွေ့ရဘူးလို့ KIO အတွင်းရေးမှူး ဦးလနန်းက ပြောပါတယ်။
"တလောက ပြောဆိုထားတဲ့အတိုင်းဘဲ ဒီ ဇွန် ၁၈ ရက်နေ့မှာ သူတို့ KIA အဖွဲ့မှ စတင် ပစ်ခတ်သည့် အခြေအနေမျိုးမှ အပ ပစ်ခတ်ခြင်း မပြုရန် ညွှန်ကြားထားသည် ဆိုတဲ့ ဟာပါဘဲ။ အဲဒါကြောင့်မို့ KIA တပ်ဖွဲ့တွေကလည်း တူညီတဲ့ တုန့်ပြန်မှု အနေနဲ့ တပ်လှုပ်ရှားမှုကို တိုက်ခိုက်ခြင်း၊ ထိုးစစ်ဆင်ခြင်းများ မပြုလုပ်ရန် လက်အောက်ခံ တပ်များကို ညွှန်ကြားပေးရန် ဆိုတဲ့ အချက်ပါ။ နောက်ပြီးတော့ ငြိမ်းချမ်းရေး ဆွေးနွေးမှုဟာ ထာဝရ ငြိမ်းချမ်းရေးသို့ ဦးတည်ရမည် ဖြစ်တဲ့အတွက် အချိန်ယူရမှာ ဖြစ်တယ် ဆိုတဲ့ ဟာမျိုးပါဘဲ။"
ဒီစာကို ကချင်ပြည်နယ် နယ်စပ် လုံခြုံရေး ဝန်ကြီး ဗိုလ်မှူးကြီး သန်းအောင်က လက်မှတ်ရေး ထိုးထားတာပါ။ အခုလို အစိုးရဘက်က ပြန်ကြားတဲ့ စာနဲ့ ပတ်သက်ပြီး KIO ဒုတိယ ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်မှူးချုပ် ဂွမ်မော်ကို ဦးတင်အောင်ခိုင်က မေးမြန်းထားပါတယ်။