အစိုးရရုံး အဆောက်အအုံတွေကို အပြောင်းအရွှေ့တွေ ဆက်တိုက် ပြုလုပ်

နိုဝင်ဘာလမှာ ရွေးကောက်ပွဲ လုပ်တော့မယ်လို့ ကြေညာထားတဲ့ မြန်မာစစ်အစိုးရဟာ အခု သီတင်းပတ် တွေအတွင်း ရန်ကုန်မြို့မှာရှိတဲ့ အစိုးရ အဆောက်အအုံတွေ၊ ရုံးတွေကို အပြောင်းအရွှေ့တွေ ဆက်တိုက် ပြုလုပ်နေတယ်လို့ သိရပါတယ်။

မြန်မာနိုင်ငံ၏ အကြီးဆုံး စီးပွားရေးမြို့ဖြစ်သော ရန်ကုန်မြို့လယ်တွင် ခရီးသည်တင် ဘတ်စ်ကားများ သွားလာနေပုံ ဖြစ်ပါသည်။ (Photo: AFP) AFP

ရန်ကုန်အခြေစိုက် ဂျာနယ်တစောင်ရဲ့ အဆိုအရ ရန်ကုန်မြို့ မဟာဗန္ဓုလပန်းခြံအနီး ဘဏ်လမ်းက ရန်ကုန်တိုင်း စုပေါင်းရုံးမှာရှိတဲ့ ရုံးတွေကို ပြည်လမ်းရှိ ဦးနေဝင်းအစိုးရ လက်ထက်က တည်ရှိခဲ့တဲ့ လွှတ်တော် အဆောက်အဦကို ပြောင်းရွှေ့တော့မယ်လို့ သိရပါတယ်။

ဒါ့အပြင် ရန်ကုန်မြို့ ပြည်လမ်းရှိ မြန်မ့ာအသံနှင့် ရုပ်မြင်သံကြားပိုင် မြေနဲ့ စတူဒီယို အဆောက်အအုံကိုလည်း မြန်မာငွေ ကျပ်သန်းပေါင်း တသောင်းသုံးထောင်နဲ့ ရွှေတောင်ကုမ္ပဏီကို ရောင်းချလိုက်ပြီး အဲဒီကုမ္ပဏီက ဈေးဝယ်စင်တာအဖြစ် ဖွင့်လှစ်တော့မယ်လို့ ကုမ္ပဏီနဲ့ နီးစပ်သူတွေက ပြောကြပါတယ်။

ဒါပေမယ့် အဲဒီလို ရောင်းချလို့ရတဲ့ ငွေတွေကို ဘယ်သူတွေ ရရှိသွားတယ်၊ ဘယ်နေရာမှာ သုံးစွဲမယ် ဆိုတာကိုတော့ ရှင်းလင်း ဖော်ပြထားခြင်း မရှိတဲ့အတွက် အများပြည်သူတွေက သိချင်နေကြကြောင်း အမည်မဖော်လိုသူ အစိုးရဝန်ထမ်းတဦးက ပြောပါတယ်။

ကမ္ဘာအေး ဘုရားလမ်းပေါ်က စက်မှု (၁) ဝန်ကြီးဌာန အဆောက်အအုံကိုလည်း ခုတင် ၅၀၀ ဆန့် ကလေးဆေးရုံအဖြစ် ပြောင်းလဲလိုက်ပြီး အရင် စိန်ဂျွန်းဈေးအနီးက စွမ်းအင်ဝန်ကြီးဌာန ရုံးကိုလည်း ပုဂ္ဂလိက ကုမ္ပဏီတခုကို ရောင်းချပြီးပြီလို့ သိရပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org