ပုဂံမှာ သန်းခေါင်စာရင်း ကောက်နေတဲ့ အုပ်ချုပ်ရေးမှူး ပစ်ခတ်ခံရပြီး သေဆုံး
ညောင်ဦးမြို့နယ်၊ ပုဂံမြို့သစ်မှာ သန်းခေါင်စာရင်း ကောက်ယူနေတဲ့ ရပ်ကွက်အုပ်ချုပ်ရေးမှူး ပစ်ခတ်ခံရပြီး သေဆုံးခဲ့တယ်လို့ ဒေသခံတွေက RFA ကို ပြောပါတယ်။
-
RFA Burmese
2024-10-15 -
-
-
မန္တလေးတိုင်း၊ ညောင်ဦးမြို့နယ်၊ ပုဂံမြို့သစ်မှာ အောက်တိုဘာ ၁၄ ရက်နေ့ မနက်ပိုင်းက သန်းခေါင်စာရင်း ကောက်ယူနေတဲ့ ရပ်ကွက်အုပ်ချုပ်ရေးမှူး ပစ်ခတ်ခံရပြီး သေဆုံးခဲ့တယ်လို့ ဒေသခံတွေက RFA ကို ပြောပါတယ်။
သေဆုံးသွားသူက ပုဂံမြို့သစ် အနော်ရထာရပ်ကွက် အုပ်ချုပ်ရေးမှူး အသက် ၅၀ ဝန်းကျင် ပုဂံကိုဆော် (ခ) ကိုဆော်လီ ဖြစ်တယ်လို့ ပြောပါတယ်။
သူနေထိုင်တဲ့ ရပ်ကွက်ကနေ ရွာသစ်ရပ်ကွက်ကို သန်းခေါင်စာရင်း ကောက်ယူဖို့အသွားမှာ သေနတ်သမားတစ်ဦးက ဝင်ရောက်ပစ်ခတ်ခဲ့တာလို့ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။
“သူက သူ့ရပ်ကွက်မဟုတ်ဘဲ ရွာသစ်ရက်ကွက်ထဲကို သန်းခေါင်းစာရင်း ကောက်ဖို့ ဝင်ဝင်ချင်း ပစ်ခံလိုက်ရတာဗျ။ နှစ်ယောက်ထဲ စာရင်းသွားကောက်တာလို့ ပြောတယ်။ အဲဒီမှာ ကျောင်းဆရာမတစ်ဦးလည်း ထိခိုက်ဒဏ်ရာ ရသွားတယ်”
ဒဏ်ရာရသွားတဲ့ ကျောင်းဆရာမကတော့ ညောင်ဦးမြို့ ဆေးရုံမှာ ဆေးကုသမှု ခံယူနေရတယ်လို့ သူက ပြောပါတယ်။
အဲဒီပစ်ခတ်မှုဖြစ်ပြီးနောက်မှာ စစ်ကောင်စီတပ်က မြို့ကို ပိတ်ဆို့စစ်ဆေးခဲ့ပြီး လမ်းသွားလမ်းလာတွေကို အရပ်ဝတ်တွေနဲ့ပါ စောင့်ကြည့်စစ်ဆေးနေတယ်လို့ ဆိုပါတယ်။
ဒီပစ်ခတ်မှုကို ပုဂံဒေသအခြေစိုက် ကာကွယ်ရေးတပ်ဖွဲ့ဖြစ်တဲ့ ပုဂံပြည် ဘီလူးတပ်က ပြုလုပ်တာလို့ ပြည်တွင်းမီဒီယာတွေမှာ ဖော်ပြကြပြီး RFA က အဲဒီအဖွဲ့ထံ ဆက်သွယ်မေးမြန်းနိုင်ဖို့ ကြိုးစားနေပါတယ်။
ဒီအခြေအနေတွေနဲ့ပတ်သက်လို့ စစ်ကောင်စီရဲ့ မန္တလေးတိုင်းပြောခွင့်ရသူ တိုင်းစီးပွားရေးဝန်ကြီး ဦးသိန်းဌေးကို RFA က ဆက်သွယ်ပေမဲ့ လက်ခံဖြေကြားတာ မရှိပါဘူး။
နိုင်ငံတစ်ဝန်းက စစ်ကောင်စီ ထိန်းချုပ်နိုင်တဲ့ နယ်မြေတွေမှာ အောက်တိုဘာ ၁ ရက်နေ့ကနေ ၁၅ ရက်နေ့အထိ ပြည်လုံးကျွတ် သန်းခေါင်စာရင်း ကောက်ယူနေပြီး စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်း၊ တနင်္သာရီတိုင်းနဲ့ ချင်းပြည်နယ်တို့က မြို့နယ် ခြောက်ခုမှာ သန်းခေါင်စာရင်း ကောက်ယူရေးအဖွဲ့တွေ ဆန့်ကျင်တိုက်ခိုက်မှုတွေနဲ့ ကြုံတွေ့ခဲ့ရပါတယ်။