ရေးမြို့နယ်က စစ်ကောင်စီဂိတ်ကို တိုက်ခိုက်ခဲ့ကြောင်း NMSP -AD ထုတ်ပြန်
အရပ်သားတွေကို စစ်ဆေးပြီး ငွေတောင်းနေတာကြောင့် ဝင်ရောက်တိုက်ခိုက်ခဲ့တာလို့ NMSP-AD ပြောရေးဆိုခွင့်ရှိသူ နိုင်ကောင်းစကားက RFA ကို ပြောပါတယ်။
-
RFA Burmese
2025-02-05 -
-
-
မွန်ပြည်နယ် ရေးမြို့နယ် ရေး-မော်လမြိုင်ကားလမ်းပေါ်မှာရှိတဲ့ ကွမ်းဒူးနဲ့ နှင်းစုံရွာကြားက စစ်ကောင်စီ စစ်ဆေးရေးဂိတ်ကို ဖေဖော်ဝါရီလ ၅ ရက်နေ့က ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း မွန်ပြည်သစ်ပါတီ (စစ်အာဏာရှင်တိုက်ဖျက်ရေး) တပ်ဖွဲ့ (NMSP-AD) က ထုတ်ပြန်ထားပါတယ်။
အရပ်သားတွေကို စစ်ဆေးပြီး ငွေတောင်းနေတာကြောင့် ဝင်ရောက်တိုက်ခိုက်ခဲ့တာလို့ NMSP-AD ပြောရေးဆိုခွင့်ရှိသူ နိုင်ကောင်းစကားက RFA ကို ပြောပါတယ်။
“ဒီနေ့မနက်ခြောက်နာရီဝန်းကျင်မှာ ကျွန်တော်တို့ NMSP (AD) တပ်ဖွဲ့တွေက မော်လမြိုင်-ရေးလမ်းမပေါ်မှာရှိတဲ့ ကွမ်းဒူးနဲ့ နှင်းစုံကျေးရွာကြား တံတားအနီးမှာရှိတဲ့ စစ်ကောင်စီတပ်စွဲထားတဲ့ ဂိတ်ရှိတယ်၊ ပြည်သူလူထုသွားလာနေတာကို အမြဲတမ်း စစ်ဆေးမေးမြန်းတာတွေလုပ်တယ်၊ ငွေတောင်းတာတွေလုပ်တယ်၊ အဲနေရာကို ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်တယ်”
တစ်နာရီကျော်ကြာတိုက်ပွဲဖြစ်ခဲ့ပြီး စစ်ကောင်စီတပ်က ငါးဦးသေဆုံးပြီး ထိခိုက်ဒဏ်ရာရသူ အများအပြားရှိခဲ့တယ်လို့လည်း ဆိုပါတယ်။ NMSP (AD) ဘက်ကလည်း တစ်ယောက်ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ပြောပါတယ်။
နှစ်ဘက်ထိခိုက်ဒဏ်ရာရတဲ့ အခြေအနေနဲ့ပတ်သက်လို့ RFA အနေနဲ့ သီးခြားအတည်မပြုနိုင်သေးပါဘူး။ စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကို RFA က ဖုန်းနဲ့ဆက်သွယ်မေးမြန်းပေမဲ့ လက်ခံဖြေဆိုတာ မရှိပါဘူး။
ဒီစစ်ဆေးရေးဂိတ်မှာ စစ်ကောင်စီတပ်ရဲ့ အာယုတောင်အခြေစိုက် ခမရ ၃၄၃ နဲ့ ခမရ ၅၈၇ တပ်ရင်းတွေက အင်အား လေးဆယ်ကျော်ရှိတဲ့စခန်းလို့ ဆိုပါတယ်။
တိုက်ပွဲဖြစ်နေချိန်မှာ စစ်ကောင်စီတပ်က စစ်ကူတွေထပ်ရောက်လာတာကြောင့် ပြန်ဆုတ်လာတယ်လို့လည်း ပြောပါတယ်။
တိုက်ပွဲဖြစ်ပြီးနောက် စစ်ကောင်တပ်ရဲ့ ခမရ ၃၄၃ နဲ့ ခမရ ၅၈၇ တပ်ရင်းတွေက လက်နက်ကြီးနဲ့ ရမ်းသမ်းပစ်ခတ်တာတွေလုပ်နေပြီး အရပ်သားထိခိုက်မှု ရှိ၊ မရှိ မသိရသေးဘူးလို့ NMSP (AD) က ပြောပါတယ်။