မွတ်စလင်သင်္ချိုင်းဟောင်း ဖျက်ဆီးခံရမှု သမ္မတထံ တိုင်ကြား
အစ္စလာမ် သာသနာ့ဝတ္တက မြေအဖြစ် သတ်မှတ်ထားခြင်းခံရတဲ့ နှစ်ပေါင်း ၁၅ဝ သက်တမ်းရှိ မွတ်စလင်သင်္ချိုင်းဟောင်းကို ညအချိန်မတော်မှာ ဘူဒိုဇာနဲ့ တူးဖော်ဖျက်ဆီးမှုနဲ့ ပတ်သက်ပြီး သင်္ချိုင်းမြေ ဂေါပကအဖွဲ့က ဒေသခံ အစ္စလာမ် ဘာသာဝင် ၈ ထောင်ကျော်ရဲ့ လက်မှတ်တွေနဲ့အတူ ဦးသိန်းစိန်ထံ တိုင်ကြားလိုက်တယ်လို့ သိရှိရပါတယ်။
-
2011-07-31 -
-
-
အဲ့ဒီနေရာကို မြန်မာ့မြေ ဖွံ့ဖြိုးတိုးတက်ရေး ကုမ္ပဏီက ဗိုလ်ကြီးဟောင်း ဦးထွန်းထွန်းဝင်းနဲ့ ဗိုလ်မှူးကြီးဟောင်း ဦးကိုကိုကြီးတို့က ဦးဆောင်ပြီး ဇူလိုင်လ ၂၅ ရက် ည သန်းကောင်ကျော်မှာ အုတ်တံတိုင်းနဲ့ မြေပုံတွေ ကို ဘူဒိုဇာကားကြီး သုံးစီးနဲ့ ဖြိုချဖျက်ဆီးခဲ့တဲ့ သတင်းကို RFA က ထုတ်လွှင့်ခဲ့ပြီး ဖြစ်ပါတယ်။
အခု သမ္မတထံ တိုင်ကြားလိုက်တဲ့ ကိစ္စနဲ့ပတ်သက်ပြီး ဂေါပကအဖွဲ့နဲ့ နီးစပ်သူ ဒေသခံတဦးက အခုလို ပြောပြပါတယ်။
“အစ္စလာမ်လူထုရဲ့ လက်မှတ် ၈ ထောင်ကျော်နဲ့ သမ္မတဦးသိန်းစိန်ရဲ့ အကြံပေး လက်ဝယ်ကို ၂၉ ရက်နေ့က ပေးခဲ့ပါတယ်။ အဲဒီ ကုမ္ပဏီကို တရားစွဲဖို့လည်း စီစဉ်ထားပါတယ်။ စီစဉ်ထားတာကို ဥပဒေအကြံပေး က ချမပေးသေးပါဘူး။ ကာထားတဲ့ ဝင်းထရံအုတ်တံတိုင်းတခု ပျက်စီးသွားပြီး သင်္ချိုင်းက သုံးပုံနှစ်ပုံလောက် ပျက်စီးသွားပါတယ်”
မိတ္ထိလာမြို့ ကွင်းအမှတ် (၇၂၇၄)၊ ဦးပိုင်အမှတ် ၁၉၅/ ၁၉၇၄-၁၉၇၅၊ မြေကွက် အမှတ် ၁၉၄ ကနေ ၁၉၇ ဟာ ဧရိယာ အကျယ် ၈.၂၉ ဧက ရှိပြီး ဝတ္တကမြေအဖြစ် သတ်မှတ်ခံထားရတဲ့မြေ ဖြစ်ပါတယ်။ ၂ဝဝ၂ ခုနှစ် ကတည်းက မယက အမိန့်အရ သူသေများ မြှုပ်နှံခြင်း မပြုတော့ပေမယ့် အပတ်စဉ်၊ လစဉ် အစ္စလာမ်ကျင့်စဉ်နဲ့ အညီ တရားဘာဝနာ စီးဖြန်းတာ၊ ဝတ်ပြုဆုတောင်းတာတွေ ဆက်လက် ပြုလုပ်နေတဲ့ နေရာဖြစ်တယ်လို့ သိရပါတယ်။