နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က သတင်းထောက်များကို လက်ခံတွေ့ဆုံ

အင်ဒိုနီးရှားနိုင်ငံ ဘာလီကျွန်းမှာ အာဆီယံ ထိပ်သီး ညီလာခံ တက်ရောက်တဲ့ သမ္မတ ဦးသိန်းစိန် က နိုဝင်ဘာလ ၁၉ ရက်နေ့က RFA အပါအဝင် ပြည်တွင်းပြည်ပ မြန်မာ သတင်းထောက်တချို့ကို လက်ခံတွေ့ဆုံပြီး မေးခွန်းတွေကို စိတ်ရှည်လက်ရှည် ပြန်လည် ဖြေကြားခဲ့ပါတယ်။

အင်ဒိုနီးရှားနိုင်ငံ ဘာလီကျွန်းမှာ အာဆီယံ ထိပ်သီး ညီလာခံ တက်ရောက်နေတဲ့ သမ္မတ ဦးသိန်းစိန်က ၂၀၁၁ ခုနှစ် နိုဝင်ဘာလ ၁၉ ရက်နေ့က ပြည်တွင်းပြည်ပ သတင်းထောက် တချို့ကို လက်ခံတွေ့ဆုံပြီး မေးခွန်းတွေ ပြန်လည် ဖြေကြားနေစဉ်။ RFA

အမေရိကန်-မြန်မာဆက်ဆံရေး၊ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေ အရေး၊ လက်ရှိ ပေါ်ထွက်နေတဲ့ အပြောင်းအလဲများ၊ ဒေါ်အောင်ဆန်းစုကြည် အပေါ် သဘောထားစတဲ့ ကိစ္စတွေ နဲ့ပတ်သက်လို့ သတင်းထောက်တွေက မေးမြန်းခဲ့ကြပါတယ်။

အမေရိကန်-မြန်မာဆက်ဆံရေးမှာ အခုအခါ နားလည်မှုတွေ ပိုမို ရရှိလာပြီး အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး မြန်မာနိုင်ငံကို လာမယ် ဆိုတာ မင်္ဂလာသတင်း ဖြစ်ကြောင်း၊ ဒေါ်အောင်ဆန်းစုကြည်နဲ့ မောင်နှမတွေလို ရင်းရင်းနှီးနှီး ဆွေးနွေးခွင့်ရလို့ တစ်ဦးနဲ့ တစ်ဦး နားလည်မှု ပိုမို ရရှိလာကြောင်း၊ အခု NLD ပါတီ ပြန်လည် မှတ်ပုံတင်တာကို ကြိုဆိုကြောင်း၊ မိမိတို့ အာဏာရရှိလာတာ ၈-လသာ ရှိသေးလို့ ဒီမိုကရေစီ နိုင်ငံကြီးတွေ ဖြစ်လာဖို့ အများကြီး အချိန်ယူ ကြိုးပမ်းရမှာ ဖြစ်ကြောင်း၊ တိုင်းရင်းသား လက်နက်ကိုင် ၈ ဖွဲ့ရှိတဲ့ အနက် ၇ ဖွဲ့နဲ့ အဆက်အသွယ်ရပြီး ဆွေးနွေးနေကြောင်း၊ သူတို့တွေ အနေနဲ့လည်း သူတို့ အကျိုးစီးပါွး အတွက် အစိုးရက လုပ်ကိုင်ပေးရင် နောက်ဆုံး တနေ့ လက်နက် စွန့်ကြဖို့ လိုအပ်ကြောင်း စသဖြင့် ပြောသွားပါတယ်။

နိုင်ငံရေး အကျဉ်းသားတွေ ပြန်လွှတ်ရေး ကိစ္စ နဲ့ ပတ်သက်ပြီး မေးမြန်းရာမှာ သမ္မတ ဦးသိန်းစိန်က ယုံကြည်ချက်ကြောင့် အကျဉ်းကျတယ် ဆိုတာ အစိုးရ အာဏာပိုင်တွေ အနေနဲ့ လက်မခံကြောင်း၊ ပြစ်မှု တစုံတရာ ကျူးလွန်ခဲ့လို့ ဥပဒေ တခုခုအရ အရေးယူထားတာလို့ ပြန်လည် ဖြေဆိုပါတယ်။

သမ္မတဦးသိန်းစိန်က သတင်းထောက်တွေနဲ့ အပြန်အလှန် မေးမြန်း ပြောဆိုကြတာတွေကို RFA ဝိုင်းတော်သား ဦးခင်မောင်စိုးက အသံဖိုင်တွေ ဖမ်းယူုထားပြီး ကိုနေရိန်ကျော်က စုစည်း တင်ပြထားပါတယ်။

ဆက်သွယ်မေးမြန်းချက်။
အသံဖိုင်ယူရန်။
ဆက်သွယ်မေးမြန်းချက်။
အသံဖိုင်ယူရန်။
2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org