အင်းလေးက ရေဘေးသင့်အိမ် တစ်ရာခန့်ကို လူမှုကူညီရေးအသင်းတွေ ပြုပြင်ပေး
အင်းလေးက ၁၇၁ ရွာ ရေကြီးနစ်မြုပ်ခဲ့တဲ့အထဲမှာ အင်းမရွာက ပျက်စီးနေတဲ့ နေအိမ်ပေါင်း ၁၆၃ လုံးထဲက ရေဘေးသင့်အိမ် အလုံးတစ်ရာကို ပြန်လည်ပြုပြင်ပေးနိုင်ခဲ့တာလို့ ဆိုပါတယ်။
-
RFA Burmese
2024-11-12 -
-
-
ရှမ်းပြည်နယ်တောင်ပိုင်း အင်းလေးကန်မှာ ရေကြီးနစ်မြုပ်မှုကြောင့် ပျက်စီးသွားတဲ့ နေအိမ်အလုံး တစ်ရာခန့်ကို ပြန်လည်ပြုပြင်ပေးနိုင်ခဲ့တယ်လို့ သစ္စာမဏ္ဍိုင် လူမှုကူညီကယ်ဆယ်ရေးအသင်း (ရန်ကုန်)ရဲ့ ဥက္ကဋ္ဌဖြစ်သူ ဦးပြည့်ဖြိုးအောင်က RFA ကို နိုဝင်ဘာလ ၁၂ ရက်နေ့မှာ ပြောပါတယ်။
အင်းလေးက ၁၇၁ ရွာ ရေကြီးနစ်မြုပ်ခဲ့တဲ့အထဲမှာ အင်းမရွာက ပျက်စီးနေတဲ့ နေအိမ်ပေါင်း ၁၆၃ လုံးထဲက ရေဘေးသင့်အိမ် အလုံး တစ်ရာကို ပြန်လည်ပြုပြင်ပေးနိုင်ခဲ့တာလို့ ဆိုပါတယ်။
အင်းမရွာခံတစ်ဦးက အကူအညီတောင်းတာကြောင့် ပျက်စီးနေတဲ့ နေအိမ်တွေကို ကိုယ်တိုင်သွားရောက်ပြီး နိုင်သလောက် ကူညီပေးခဲ့တာလို့ သစ္စာမဏ္ဍိုင် လူမှုကူညီကယ်ဆယ်ရေးအသင်း (ရန်ကုန်)ရဲ့ ဥက္ကဋ္ဌဖြစ်သူ ဦးပြည့်ဖြိုးအောင်က RFA ကို ပြောပါတယ်။
“ဒီရွာကအိမ်တွေကို ပြုပြင်ပေးဖြစ်တာက အဲဒီရွာက စက်လှေသမားတစ်ဦးက ကျွန်တော်တို့ကို အကူအညီတောင်းလို့ သွားရောက်ကူညီပေးဖြစ်သွားတာပါ။ တကယ်ပျက်စီးပြီး ပြန်လည်ပြင်ဆင်ပေးဖို့ လိုအပ်တဲ့ အိမ်အရေအတွက်က ဒီအင်းမရွာတစ်ရွာတည်းမှာပဲ ၁၆၃ လုံးရှိပါတယ်။ ကျွန်တော်တို့အသင်းကတော့ အလှူရှင်တွေရဲ့ အကူအညီနဲ့ အိမ်အလုံး သုံးဆယ် ပြင်ဆင်ပေးနိုင်ခဲ့ပါပြီ။ ကျန်တဲ့လူမှုကူညီရေးအဖွဲ့တွေကလည်း လာပြင်ဆင်ပေးကြလို့ အားလုံး အိမ်အလုံး တစ်ရာလောက်တော့ ပြင်ဆင်ပြီးသွားပြီပေါ့။ အိမ်အလုံး ခြောက်ဆယ်ကျော်လောက်တော့ ကျန်ပါသေးတယ်”
ရေနစ်မြုပ်သွားတဲ့ရွာတိုင်း သောက်သုံးရေပြဿနာ အဆင်မပြေသေးတာကြောင့် သစ္စာမဏ္ဍိုင် လူမှုကူညီကယ်ဆယ်ရေးအသင်းက သောက်သုံးရေအတွက် စက်ရေတွင်းကို သွားရောက်တူးပေးဖို့လည်း စီစဉ်ထားတယ်လို့ ပြောပါတယ်။
အင်းလေးမှာ ဒေသဏာပိုင်တွေရဲ့ ကူညီမှုအားနည်းနေတာကြောင့် ပြန်လည်ထူထောင်ရေးအတွက် ကိုယ်ထူကိုယ်ထ ဆက်လုပ်နေရတယ်လို့လည်း လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက ပြောပါတယ်။
ပြန်လည်ထူထောင်ရေးအတွက် ကြိုးပမ်းနေရချိန်မှာပဲ နိုဝင်ဘာလ ၂ ရက်နေ့က မိုးသက်လေပြင်း တိုက်ခတ်တာကြောင့် နေအိမ် လေးဆယ်ထက်မနည်း ပျက်စီးခဲ့တယ်လို့ အင်းလေးဒေသခံတွေက ပြောပါတယ်။
ရေဘေးနဲ့ လေဘေးကြောင့် ပျက်စီးသွားတဲ့ နေအိမ်တွေအတွက် အကူအညီပေးရေးကိစ္စတွေနဲ့ ပတ်သက်လို့ အသေးစိတ်သိနိုင်ဖို့ စစ်ကောင်စီရဲ့ ရှမ်းပြည်နယ် ပြောခွင့်ရသူ ပြည်နယ်စီးပွားရေးဝန်ကြီး ဦးခွန်သိန်းမောင်ကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမဲ့ ပြန်လည်ဖြေကြားခြင်းမရှိပါဘူး။
အင်းလေးဒေသမှာ ရာဂီမုန်တိုင်းအရှိန်ကြောင့် ပြီးခဲ့တဲ့ စက်တင်ဘာလနဲ့ အောက်တိုဘာလအတွင်းက ကျေးရွာပေါင်း ၁၇၀ ခန့် ရေဝင်နစ်မြုပ်ခဲ့ပြီး ရေဘေးကြောင့် လူကိုးဦးထက်မနည်း သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။