SNLD ရဲ့နိုင်ငံလုံးဆိုင်ရာညီလာခံမှာ ၂၀၂၃ ရွေးကောက်ပွဲနဲ့ပတ်သက်လို့ ဆွေးနွေးဖို့မရှိ
ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် SNLD ပါတီက နိုင်ငံလုံးဆိုင်ရာညီလာခံကို မေလ ၂၆ ရက်နေ့နဲ့ ၂၇ ရက်နေ့တွေမှာ တောင်ကြီးမြို့မှာ ကျင်းပသွားမှာဖြစ်ပြီး ပါတီရဲ့လုပ်ငန်းလမ်းညွှန်၊ ပါတီဖွဲ့စည်းပုံတွေကို ပြင်ဆင်မှုတချို့လုပ်ဆောင်ပြီး ဗဟိုအလုပ်မှုဆောင်နဲ့ ဗဟိုကော်မတီဝင်တွေကို ပြန်လည်ရွေးချယ်မယ်လို့ ပြောပါတယ်။
- 2022-05-24
-
-
-
ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် SNLD ပါတီက နိုင်ငံလုံးဆိုင်ရာညီလာခံကို မေလ ၂၆ ရက်နေ့နဲ့ ၂၇ ရက်နေ့တွေမှာ တောင်ကြီးမြို့မှာ ကျင်းပသွားမှာဖြစ်ပြီး ပါတီရဲ့လုပ်ငန်းလမ်းညွှန်၊ ပါတီဖွဲ့စည်းပုံတွေကို ပြင်ဆင်မှုတချို့လုပ်ဆောင်ပြီး ဗဟိုအလုပ်မှုဆောင်နဲ့ ဗဟိုကော်မတီဝင်တွေကို ပြန်လည်ရွေးချယ်မယ်လို့ ပြောပါတယ်။
ဒီလိုရွေးချယ်မှုတွေလုပ်ဆောင်မှာဖြစ်ပေမယ့် ပါတီဥက္ကဋ္ဌ အပြောင်းအလဲကတော့ မရှိနိုင်လောက်ဘူးလို့ SNLD ပါတီရဲ့ပြောရေးဆိုခွင့်ရှိသူ စိုင်းကျော်ညွန့်က ပြောပါတယ်။
“ကျွန်တော်တို့ သုံးနှစ်တစ်ကြိမ်ကျင်းပတဲ့ ညီလာခံကို ပြန်လည်ကျင်းပတာဖြစ်ပါတယ်။ဗဟိုအလုပ်မှုဆောင်နဲ့ ဗဟိုကော်မတီအဖွဲ့အပြောင်းအလဲ အတိုင်းအတာတစ်ခုရှိပါမယ်။ဒါပေမဲ့ ကျွန်တော်တစ်ဦးတည်း အမြင်အရတော့ အဓိကဦးဆောင်တဲ့ ပါတီထိပ်ပိုင်းခေါင်းဆောင်တွေကတော့ အပြောင်းအလဲမရှိနိုင်ပါဘူး။ ”
ကွယ်လွန်သွားပြီဖြစ်တဲ့ SNLD ပါတီဥက္ကဋ္ဌ ဦးခွန်ထွန်းဦးပါတီကနေ အနားယူပြီးနောက်မှာ ၂၀၂၁ ခုနှစ်ကစပြီး ပါတီ ဥက္ကဋ္ဌ အဖြစ်ဦးစိုင်းညွန့်လွင်က တာဝန်ယူဆောင်ရွက်နေတာဖြစ်ပါတယ်။
ဒီညီလာခံမှာ စစ်ကောင်စီက ကျင်းပဖို့ စီစဉ်နေတဲ့ ၂၀၂၃ အထွေထွေရွေးကောက်ပွဲနဲ့ပတ်သက်လို့ထည့်သွင်း ဆွေးနွေးသွားဖို့ မရှိဘူးလို့ ပြောပါတယ်။
ရှမ်းပြည်နယ်၊ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲနဲ့ သက်ဆိုင်ရာလုံခြုံရေးအဖွဲ့တွေ၊ အုပ်ချုပ်ရေးအဖွဲ့တွေကို ညီလာခံကျင်းပမယ့်အကြောင်း အသိပေးအကြောင်းကြားစာပေးပို့ထားပြီး ဒီအဖွဲ့တွေကလည်း ကန့်ကွက်တာ မရှိဘူးလို့ သူကပြောပါတယ်။
SNLD ပါတီအနေနဲ့ ၂၀၂၂ နှစ်ကုန်ပိုင်းအထိ ရွေးကောက်ပွဲနဲ့ပတ်သက်လို့ စဉ်းစားမှာမဟုတ်ဘူးလို့ ပြီးခဲ့တဲ့ ဗဟိုကော်မတီအစည်းအဝေးအရ ဆုံးဖြတ်ထားပြီးဖြစ်တယ်လို့ ပြောပါတယ်။
စစ်ကောင်စီက ခန့်အပ်ထားတဲ့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ် (SNLD) ကို ငွေစာရင်းစစ်ဆေးမှုခံဖို့ ခေါ်ယူနေတာရှိပြီး ဒါကို လာမယ့် ဇွန် ၃၀ နောက်ဆုံး ထားလုပ်ဆောင်ဖို့ ကော်မရှင်ဘက်က ရက်ရွှေ့ထားတယ်လို့ ဆိုပါတယ်။
ပါတီအနေနဲ့ အစစ်ဆေးမခံတာမဟုတ်ဘဲ တစ်စုံတစ်ရာ အမှားအယွင်းပြုလုပ်ထားတာမရှိတဲ့အတွက် ကော်မရှင်ထံ သွားရောက်အစစ်ဆေးခံဖို့မရှိကြောင်းနဲ့ ကော်မရှင်က ဗဟိုဌာနချုပ်ထံ လာရောက် စစ်ဆေး မယ်ဆိုရင် စစ်ဆေးလို့ရတယ်လို့ စိုင်းကျော်ညွန့်က ပြောပါတယ်။
တစ်ချိန်တည်းမှာလည်း ကြံခိုင်ဖွံ့ဖြိုးရေးပါတီက လာမယ့်ဇွန်လ ဒုတိယအပတ်မှာ ဗဟိုကော်မတီ အစည်းအဝေးကို ကျင်းပမှာဖြစ်ပြီး ဒီအစည်းအဝေးမှာတော့ လာမယ့် ၂၀၂၃ ရွေးကောက်ပွဲအတွက် ပြင်ဆင်မှုတွေလုပ်ဆောင်ဖို့ ရှိသလို ထိပ်ပိုင်းခေါင်းဆောင်တွေကို ပြန်လည်ရွေးချယ်သွားဖို့ ရှိနေပါတယ်။
စစ်ခေါင်းဆောင်ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ၂၀၂၃ သြဂုတ်လမှာ ရွေးကောက်ပွဲကျင်းပမယ်ပြီး အာဏာပြန်လွှဲပေးမယ်လို့ မေလ ၂၃ ရက်နေ့က မွန်ပြည်သစ်ပါတီနဲ့တွေ့ဆုံရာမှာ ပြောကြားထားပါတယ်။