ILO အဆင့်မြင့်အရာရှိအဖွဲ့ မြန်မာနိုင်ငံကို ရောက်ရှိ

မြန်မာနိုင်ငံက အလုပ်သမားအရေးနဲ့ ကလေးစစ်သား ပပျောက်ရေး လုပ်ငန်းစဉ်တွေ ဆွေးနွေးဖို့ အတွက် အပြည်ပြည်ဆိုင်ရာ ကမ္ဘာ့ အလုပ်သမားအဖွဲ့ချုပ် (ILO) ရဲ့ အဆင့်မြင့် ကိုယ်စားလှယ်အဖွဲ့ ဒီကနေ့ ဖေဖော်ဝါရီ ၂၂ ရက် ညနေပိုင်းမှာ မြန်မာနိုင်ငံကို ရောက်ရှိမယ်လို့ ရန်ကုန် ILO ရုံးက ပြောပါတယ်။

ရန်ကုန်မြို့ရှိ ဆောက်လုပ်ရေးလုပ်ငန်းခွင်တစ်ခုမှာ အလုပ်လုပ်နေသော ကလေးအလုပ်သမားတစ်ဦးကို မြင်ရစဉ် Photo: AFP)
ဒီကိုယ်စားလှယ်အဖွဲ့ဟာ မြန်မာနိုင်ငံမှာ ၃ ရက်ကြာ နေထိုင်မှာ ဖြစ်ပြီး အဓိက လာရောက်တဲ့ ရည်ရွယ်ချက်တွေထဲမှာ ရန်ကုန်မှာ ရုံးဖွင့် ဆောင်ရွက်နေတဲ့ ILO ဌာနခွဲရဲ့ လုပ်ငန်းတွေကို နောက်ထပ် သက်တမ်း ၁ နှစ်တိုးရေး သဘောတူ စာချွန်လွှာ လက်မှတ်ထိုးဖို့လည်း ပါတယ်လို့ မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ် Mr. Steve Marshall က RFA ကို ပြောပါတယ်။

ခရီးစဉ် ကြိုတင် ပြင်ဆင်ထားချက်အရ ဒီ ILO အဆင့်မြင့် ကိုယ်စားလှယ်အဖွဲ့ဟာ မြန်မာနိုင်ငံ အစိုးရ အာဏာပိုင် အရာရှိတွေ၊ အစိုးရ လက်အောက်ခံ ကော်မတီအဖွဲ့တွေ၊ စီးပွားရေး လုပ်ငန်းရှင်တွေနဲ့ အလုပ်သမားရေး ဆောင်ရွက်နေသူတွေနဲ့ တွေ့ဆုံမှာ ဖြစ်ပြီး မြန်မာနိုင်ငံမှာ ILO ရဲ့ မူလ တာဝန်ဝတ္တရားတွေ ဆက် ထမ်းဆောင်ရေး သဘောတူစာချုပ် သက်တမ်းတိုးဖို့လည်း အဓိက ပါဝင်တယ်လို့ Mr. Steve Marshall က ပြောပါတယ်။

ဒီကိုယ်စားလှယ်အဖွဲ့မှာ ILO အဖွဲ့ ဒုတိယ ညွှန်ကြားရေးမှူးချုပ် Guy Ryder ဦးဆောင်ပါဝင်ပြီး ဖေဖော်ဝါရီ ၂၅ ရက် သောကြာနေ့ ညနေမှာ မြန်မာနိုင်ငံက ထွက်ခွာမယ်လို့ သိရပါတယ်။

ILO အဖွဲ့ကြီးဟာ မြန်မာနိုင်ငံက ကလေးစစ်သား စုဆောင်းမှု၊ အတင်းအဓမ္မ ခိုင်းစေမှုနဲ့ မြေယာ အတင်းအကျပ် ရွှေ့ပြောင်းမှု၊ သိမ်းဆည်းမှုတွေကို စစ်အစိုးရ အာဏာပိုင်တွေနဲ့ သဘောတူညီချက် ရယူပြီး ဦးဆောင် ဖြေရှင်းနေတဲ့ နိုင်ငံတကာ အဖွဲ့ကြီးတရပ် ဖြစ်ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org