၂၀၁၀ ပြည့်နှစ်အတွင်း ILO တိုင်ကြားမှုပေါင်း ၃၀၀ ကျော်ရှိ
ရန်ကုန်မြို့အခြေစိုက် အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့ချုပ် ILO ရုံးခွဲကို တိုင်ကြားခဲ့တဲ့ အဓမ္မ လုပ်အားပေး ခိုင်းစေမှုနဲ့ အရွယ်မရောက်သေးတဲ့ ကလေးသူငယ် စစ်မှုထမ်းခိုင်းမှု စတဲ့ တိုင်ကြားမှုပေါင်းဟာ ၂၀၁၀ ပြည့်နှစ်အတွင်း ၃၀၈ မှု ရှိတယ်လို့ သိရပါတယ်။
-
2010-12-13 -
-
-
Your browser doesn’t support HTML5 audio
ဒါဟာ မြန်မာနိုင်ငံအတွင်း ILO တိုင်ကြားမှု အများဆုံး စံချိန်တင်တဲ့ စာရင်းပါလို့ ရန်ကုန် အခြေစိုက် ILO ဆက်ဆံရေးအရာရှိ Steve Marshall က ဒီဇင်ဘာ ၁၃ ရက် ဒီကနေ့ RFA ကို ပြောကြားပါတယ်။
စတင်ခဲ့တဲ့ နှစ်က စရေရင် ဒီကနေ့ အထိ တိုင်ကြားမှု စုစုပေါင်း ၅၆၀ နီးပါး ရှိသွားပြီ ဖြစ်ပါတယ်။
မြန်မာနိုင်ငံတွင်းမှာ ILO တိုင်တန်းမှုတွေဟာ တစတစ တိုးပွားလာနေတာ တွေ့ရပါတယ်လို့ Mr. Marshall က ပြောသွားပါတယ်။
ဒီအရေအတွက်ထဲက ၃၀၀ ကျော်ဟာ ၂၀၁၀ ဇန်နဝါရီလကစပြီး အခု ဒီဇင်ဘာ ပထမပတ်အတွင်း တိုင်ကြားမှု အရေအတွက် ဖြစ်ပြီး မြန်မာနိုင်ငံဆိုင်ရာ ILO ရုံးခွဲ စတင်ဖွင့်ခဲ့တဲ့ ၂၀၀၂ ခုကပြီး ၈ နှစ်အတွင်း အများဆုံး အရေအတွက် ဖြစ်တယ်လို့ ဆိုပါတယ်။
အခုလို တိုင်ကြားမှု များလာတာဟာ မေလက စတင်ခဲ့တဲ့ အသိပညာပေးစာစောင် ဖြန့်ဝေတဲ့ ရလဒ် ဖြစ်ပြီး ပြည်သူတွေဟာ အဓမ္မလုပ်အားပေး ခိုင်းစေမှု၊ ကလေးသူငယ် စစ်မှုထမ်းခိုင်းစေမှုတွေမှာ စိုးရိမ်မှုမရှိပဲ တိုင်ကြားလာကြတယ်လို့လည်း ဆိုပါတယ်။
ပထမဆုံးနှစ်ဖြစ်တဲ့ ၂၀၀၂ ခုနှစ်က ILO ကို တိုင်ကြားမှု တနှစ်တာ အတွင်း အမှု ၆၀ သာ ရှိခဲ့ပြီး ၂၀၀၉ ခုနှစ်အထိ တိုင်ကြားမှု စုစုပေါင်း ၂၀၀ ကျော်သာ ရှိခဲ့တယ်လို့ သိရပါတယ်။ တိုင်ကြားမှုပမာဏ တိုးလာပေမဲ့ အဓမ္မ လုပ်အားပေးခိုင်းစေမှု၊ ကလေးစစ်သား စုဆောင်းမှု၊ ပေါ်တာ အဖြစ် အတင်းအကျပ် ခိုင်းစေမှုစတဲ့ ပြဿနာတွေကတော့ ရှိနေဆဲလို့လည်း သိရပါတယ်။
ILO သို့ တိုင်ကြားမှုများ |
|
အသံဖိုင်ယူရန် |