မြန်မာ့လူ့အခွင့်ရေး ချိုးဖောက်မှု လျစ်လျူမရှုရေး

မြန်မာနိုင်ငံမှာ ရွေးကောက်ပွဲကျင်းပပြီး အစိုးရသစ် ဖွဲ့ထားပေမယ့် လူ့အခွင့် အရေး အခြေအနေတွေ တိုးတက်လာဖို့ မမြင်တာကြောင့် မြန်မာနိုင်ငံက လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို နိုင်ငံတကာ အသိုင်းအဝိုင်းက လျစ်လျူရှု မထားသင့်ကြောင်း အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်းချမ်းသာခွင့် အဖွဲ့ AI နဲ့ ကမ္ဘာလုံးဆိုင်ရာ ခရစ်ယာန် သွေးစည်းညီညွတ်ရေး အဖွဲ့ CSW တို့က မနေ့က ကြေညာချက်ထုတ်ပြန် တောင်းဆိုလိုက်ပါတယ်။

ကုလသမဂ္ဂ လူ့အခွင့်ရေးကောင်စီမှာ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် ထောမတ် ကင်တားနားက မြန်မာနိုင်ငံ လူ့အခွင့်အရေး အခြေအနေဆိုင်ရာ အစီရင်ခံစာသစ်ကို မတ်လ ၁၄ ရက်နေ့မှာ အစီရင်ခံ တင်ပြဖို့ ရှိပါတယ်။ ဒီအချိန်မှာ နိုင်ငံတကာ အသိုင်းအဝိုင်း အနေနဲ့ မစ္စတာကင်တားနားရဲ့ လုပ်ငန်းစဉ်ကို သက်တမ်း ပြန်လည်တိုးမြင့်ဖို့နဲ့ သူတိုက်တွန်းထားတဲ့ ကုလသမဂ္ဂ စုံစမ်းရေးကော်မရှင် ဖွဲ့ရေး အဆိုကို လူ့အခွင့်အရေးကောင်စီက ထောက်ခံပေးဖို့ သီးခြားစီ ထုတ်ပြန်တဲ့ ဒီကြေညာချက်တွေမှာ ဖော်ပြထားပါတယ်။

AI အဖွဲ့ကြီးရဲ့ ကြေညာချက်မှာ မြန်မာအစိုးရဟာ လူ့အခွင့်အရေး ချိုးဖောက်မှုတွေနဲ့ ပတ်သက်လို့ တိုးတက်ရမယ့်အစား ဖြစ်ခဲ့တာတွေကိုတောင် လုံးလုံး ပယ်ချခဲ့ကြောင်း၊ ဇန်နဝါရီလက မြန်မာနိုင်ငံနဲ့ ပတ်သက်လို့ ပထမဆုံး ပြုလုပ်တဲ့ လေးနှစ်တကြိမ် လူ့အခွင့်အရေး ဆွေးနွေးပွဲ UPR မှာ နိုင်ငံတကာနဲ့ အဖွဲ့အစည်းတွေက အကြံပြုထားတဲ့ အချက်ပေါင်း ၇ဝ ကို ငြင်းဆိုခဲ့ပြီး အဓိက တောင်းဆိုချက်တွေဖြစ်တဲ့ နိုင်ငံရေးအကျဉ်းသား လွတ်မြောက်ရေး၊ အကျဉ်းထောင်တွေမှာ နိုင်ငံတကာ ကြက်ခြေနီအဖွဲ့ ဝင်ရောက် ကူညီခွင့်ပေးရေး၊ တိုင်းရင်းသားတွေအပေါ် ခွဲခြား ဆက်ဆံတာတွေ ရပ်တန့်ရေး ကိစ္စတွေကို လျစ်လျူရှုဆဲ ဖြစ်ကြောင်း ထောက်ပြထားပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org