ဖျာပုံ ကျားဖောင်လုပ်ငန်းကို လူ့အခွင့်အရေးကော်မရှင် ဝင်စစ်

ဧရာဝတီတိုင်းဒေသကြီး ဖျာပုံမြို့နယ်အတွင်းက ငါးဖမ်းလုပ်ငန်းခွင်တွေမှာ ရေလုပ်သားတွေ ဆိုးဆိုးရွားရွားအနိုင်ကျင့်ခံနေရတဲ့ သတင်းတွေနဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံ လူ့အခွင့်အရေးကော်မရှင်က ကွင်းဆင်း စစ်ဆေးနေပါတယ်။

မွန်ပြည်နယ် ရေးမြို့နယ်က ကျားဖောင်တစ်ခုကို တွေ့ရစဉ် Photo: Kyaw Lwin Oo/RFA

ဖျာပုံမြို့နယ်အတွင်း ကျားဖောင်ငါးဖမ်းလုပ်ငန်းတွေမှာ ရေလုပ်သားတွေ အနိုင်ကျင့်ခံနေရတဲ့ သတင်းတွေ ထွက်ပေါ်နေချိန်မှာ မြန်မာနိုင်ငံ လူ့အခွင့်အရေးကော်မရှင်က ဒီဇင်ဘာလ ၂ ရက်နေ့ကစတင်ပြီး အလုပ်သမား တွေ၊ လုပ်ငန်းရှင်တွေရှိရာကို သွားရောက်ကွင်းဆင်းစစ်ဆေးနေပါတယ်။

ကျားဖောင်တွေရှိတဲ့နေရာတွေအထိ သွားရောက်စစ်ဆေးခဲ့ပြီး ဒီကနေ့မှာတော့ ကျားဖောင်လုပ်သားတွေကို တစ်ဦးချင်း ခေါ်ယူတွေ့ဆုံနေတယ်လို့ လူ့အခွင့်အရေးကော်မရှင်အဖွဲ့ဝင် ဦးယုလွင်အောင် က ပြောပါတယ်။

“အခုတော့ ကျွန်တော်တို့က စစ်တုန်း ဆေးတုန်းရှိသေးတယ်။ မနေ့ကလည်း ကမ်းခြေတလျှောက် ရွာတွေက ဖောင်ဦး စီးတွေရော၊ လုပ်ငန်းရှင်တွေ၊ လုပ်သားတွေနဲ့ရော တွေ့ခဲ့တယ်။ ဒီနေ့ကတော့ ရေလုပ်သားတွေ တစ်ဦးချင်းခေါ်ပြီးတော့ တွေ့နေပါတယ်”

တွေ့ဆုံမေးမြန်း နေဆဲဖြစ်တာကြောင့် စစ်ဆေးတွေ့ရှိချက် သတင်းထုတ်ပြန်ဖို့ အဆင်မပြေသေးကြောင်း၊  စစ်ဆေး လေ့လာတွေ့ရှိချက်တွေကို အခြေခံပြီး အလုပ်ရှင်နဲ့ အလုပ်သားတွေကို ပညာပေးတာ ဆက်လက် လုပ်ဆောင်ရမယ်လို့ ယူဆကြောင်း ဦးယုလွင်အောင်က ပြောပါတယ်။

ဖျာပုံမြို့နယ် ကျားဖောင်လုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးသံချောင်းကတော့ အခုလို ပြဿနာတွေ ဆက်ရှိနေ ဦးမယ်ဆိုရင် ဒေသတစ်ခုလုံးရဲ့ စီးပွားရေးတွေ ထိခိုက်လာနိုင်တယ်လို့ ပြောပါတယ်။

ဒီပြဿနာတွေ လျော့နည်းလာဖို့အတွက် အစိုးရတာဝန်ရှိသူတွေ၊ ပညာရှင်တွေနဲ့ ကျားဖောင်လုပ်ငန်းရှင်တွေ ကျယ်ကျယ်ပြန့်ပြန့် ပူးပေါင်းအဖြေရှာသင့်တယ်လို့ ဦးသံချောင်းက ပြောပါတယ်။

“ဇာတ်လမ်းက စလာပြီဆိုတော့ ကျယ်ကျယ်ပြန့်ပြန့် ပင်လယ်တာဝန်ရှိတဲ့သူတွေ၊ ကျားဖောင်လုပ်ငန်းရှင် တွေနဲ့ ပညာရှင်တွေ ပေါင်းပြီးတော့ ဆွေးနွေးအဖြေရှာလာမယ်ဆိုရင်တော့ လျော့နည်းသွားလိမ့်မယ်လို့ ထင်ပါတယ်။”

ကျားဖောင်လုပ်ငန်းထဲ ရောင်းစားခံလိုက်ရတဲ့ ရန်ကုန်က တက္ကသိုလ် ကျောင်းသားတစ်ဦး နှိပ်စက်ညှဉ်းပန်း ခံရတဲ့ဖြစ်ရပ် ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း ပေါ်ထွက်လာခဲ့ပြီးနောက် ကော်မရှင်က အခုလို  သွားရောက်စစ်ဆေး နေတာပါ။

နောက်လူငယ်တွေ လူ့အခွင့်အရေး ချိုးဖောက်ခံရတာတွေ မဖြစ်စေချင်ဘူးလို့ ကျားဖောင်လုပ်ငန်းထဲ ရောင်းစားခံခဲ့ရတဲ့ ဒဂုံတက္ကသိုလ်ကျောင်းသား ကိုမြတ်သူရထွန်းရဲ့ အစ်မဖြစ်သူက RFA ကို ပြောပါတယ်။

“မြတ်သူရထွန်းကတော့ လူ့အခွင့်အရေးချိုးဖောက်ခံရတာ သူ့ကိစ္စကတော့ ပြီးသွားပြီပေါ့။ နောက်လူတွေ အတွက် အဲလိုမျိုး မဖြစ်စေချင်ဘူး။ ဒီလုပ်ငန်းကြီးက ပပျောက်သွားမယ့်လုပ်ငန်းမျိုးလည်း မဟုတ်ဘူး။ အဲဒီတော့ နည်းမှန်၊ လမ်းမှန်နဲ့ ဥပဒေဘောင်ထဲက လူအခွင့်အရေးမချိုးဖောက်ဘဲနဲ့ပေါ့ သူတို့အတွက် သေချာကောင်းမွန်တဲ့ လုပ်ငန်းတစ်ခုဖြစ်စေချင်တယ်။”

စတုတ္ထနှစ် ဒဂုံတက္ကသိုလ်ကျောင်းသား ကျားဖောင်ပေါ်မှာ ရောင်းစားခံရတဲ့အမှုနဲ့ ပတ်သက်ပြီး  သံသယတရားခံ  ခုနှစ်ဦးထဲက နှစ်ဦးကို ဖမ်းဆီးအမှုဖွင့်ထားပြီး ကျန်ငါးဦးကို ဖမ်းဆီးနိုင်ရေး သက်ဆိုင်ရာ နယ်မြေရဲစခန်းတွေနဲ့ ချိတ်ဆက်ဆောင်ရွက်နေတယ်လို့ ရန်ကုန်တိုင်းဒေသကြီး လူကုန်ကူးမှု တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ထံက သိရပါတယ်။

ငါးဖမ်းတဲ့ ကျားဖောင်လုပ်ငန်းခွင် အခြေအအနေဟာ  ခက်ခဲကြမ်းတမ်းတာကြောင့် လုပ်သားရှားပါးလာတဲ့အတွက် လိုအပ်တဲ့ လုပ်သားအင်အားကို  ပွဲစားတွေကတဆင့် ရှာဖွေလာရတာပါ။

ရန်ကုန်အခြေစိုက် လူမှုသဟ ဇာတဖော်ဆောင်ရေးအဖွဲ့က ဦးသက်ဆွေဝင်းက လူ့အခွင့်အရေး တက်ကြွလှုပ်ရှား သူတွေအနေနဲ့ ကျားဖောင်ငါးဖမ်းလုပ်ငန်းနဲ့ ပတ်သက်ပြီး မတရားမှုတွေ၊ ဖိနှိပ်မှုတွေကို စပြီး လေ့လာစောင့်ကြည့် ဖို့ လိုအပ်နေသလို  လွှတ်တော်ကိုယ်စားလှယ်တွေကလည်း ဒေသတွင်း ငါးဖမ်းလုပ်ငန်းတွေကို အာရုံစိုက်ဖို့ လိုအပ်တယ်လို့ ပြောပါတယ်။

“ပွင့်ပွင့်လင်းလင်းပြောရရင် လူ့အခွင့်အရေးလှုပ်ရှားသူတွေ ဘက်ကနေ ကျားဖောင်ငါးလုပ်ငန်းတွေနဲ့ ပတ်သက်ပြီး မတရားမှုတွေ၊ ဖိနှိပ်မှုကိစ္စတွေကို သေသေချာချာမလုပ်နိုင်သေး ဘူး ဒါကို ဝန်ခံရလိမ့်မယ်။ သို့သော် ဒါက လုပ်ရမယ့်ကိစ္စဖြစ် တယ်။ ကျားဖောင်ဘက်မှာရှိတဲ့ ငါးဖမ်းလုပ်ငန်းတွေကို စောင့်ကြည့် လေ့လာတဲ့ကိစ္စမျိုးတွေ ကျွန်တော်တို့ စလုပ်ကြဖို့ လိုလိမ့်မယ်။ လွှတ်တော်ကိုယ်စားလှယ်တွေကလည်း သူတို့ဒေသတွေမှာရှိနေတဲ့ အဲဒီလုပ်ငန်းတွေကို အာရုံစိုက်ဖို့ လိုလိမ့်မယ်။”


ကျားဖောင်ငါးဖမ်းလုပ်ငန်းဟာ ဝါးတွေနဲ့ဖောင်လုပ်ပြီး ငါးဖမ်းမှုတွေကို အောက်တိုဘာလကနေ ဧပြီလ အထိ ခုနှစ်လတာ လုပ်ကြတာဖြစ်ပါတယ်။

ဒီလုပ်ငန်းကို ဧရာဝတီတိုင်းဒေသကြီး  ဖျာပုံနဲ့ ဒေးဒရဲမြို့နယ်တွေမှာ အများဆုံးတွေ့ရမှာပါ။  မွန် ပြည်နယ်၊ ရေးနဲ့ သံဖြူဇရပ်မြို့နယ် ကျိက်ခမီမြို့တွေမှာလည်း လုပ်ကိုင်ကြပါတယ်။

ကျားဖောင်လုပ်ငန်းကရလာတဲ့ ကုန်ကြမ်းကို ပုဇွန်ခြောက်၊ မျှင်ငပိ၊ ငံပြာရည်တို့ ထုတ်လုပ်ပြီး ပြည်တွင်းစားသုံးမှု အပြင် ပြည်ပကိုလည်း တင်ပို့နေပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org