ဆီဆိုင်မှာ စစ်ကြောင်းနဲ့တိုးတဲ့ အရပ်သားတစ်ဦး သတ်ဖြတ်ခံရ

ဆီဆိုင်မြို့နယ် ဖြီတခေါ့ရွာက ဒေသခံနှစ်ဦးဟာ ဆိုင်ကယ်နဲ့ ခရီးသွားနေစဉ် စစ်တပ် စစ်ကြောင်းနဲ့ တိုးရာမှ စစ်ဆေးမေးမြန်းတာမရှိဘဲ ပစ်ခတ်ခဲ့တာလို့ PNLA ပြောခွင့်ရသူက ပြောပါတယ်။

တိုက်ပွဲများကြောင့် မီးလောင်ပျက်စီးသွားသည့် ဆီဆိုင်မြို့ကို ၂၀၂၄ ခုနှစ်၊ ဧပြီလ ၁၆ ရက်နေ့တွင် PNLA တပ်ဖွဲ့က ထုတ်ပြန်ထားစဉ်။ Facebook/PNLA News & Information Department

ရှမ်းပြည်တောင်ပိုင်း ဆီဆိုင်မြို့နယ် ဆီဆိုင်-လွိုင်ကော်ကားလမ်းပေါ်က ပုံလောင်းရွာအနီးမှာ ဧပြီလ ၁၈ ရက်နေ့က စစ်ကောင်စီတပ် စစ်ကြောင်းနဲ့တိုးတဲ့ အရပ်သားတစ်ဦး သတ်ဖြတ်ခံလိုက်ရတယ်လို့ ပအိုဝ်းအမျိုးသား လွတ်မြောက်ရေး တပ်မတော် PNLA က သတင်းထုတ်ပြန်ပါတယ်။

ဆီဆိုင်မြို့နယ် ဖြီတခေါ့ရွာက ဒေသခံနှစ်ဦးဟာ ဆိုင်ကယ်နဲ့ ခရီးသွားနေစဉ် လမ်းခုလတ်မှာ စစ်ကောင်စီတပ် စစ်ကြောင်းနဲ့ ထိပ်တိုက်တိုးမိရာမှ စစ်ဆေးမေးမြန်းတာမရှိဘဲ ပစ်ခတ်ခဲ့တာလို့ PNLA ပြောခွင့်ရသူ ခွန်ရိမ်းယံက ပြောပါတယ်။

“အမျိုးသားနှစ်ယောက် ဆိုင်ကယ် တစ်ယောက်တစ်စီးနဲ့ ခရီးသွားရင်း လမ်းမှာပစ်ခံရတာပါ။ တစ်ယောက် ကတော့ အဲမှာပဲ သေဆုံးသွားတယ်။ အလောင်းတောင် ပြန်မကောက်နိုင်သေးဘူး။ တစ်ယောက်ကတော့ လွတ်လာတယ်”

ပုံလောင်းရွာအနီးမှာ စစ်ကောင်စီရဲ့ ခမရ-၅၀၉၊ ခလရ-၇ တပ်ရင်းတွေအပြင် တပ်မ (၅၅ ) လက်အောက်ခံ ဗျူဟာ တစ်ခုလည်း အထိုင်ချထားတယ်လို့ သူက ဆိုပါတယ်။

ဒီကိစ္စနဲ့ပတ်သက်လို့ စစ်ကောင်စီရဲ့ ရှမ်းပြည်နယ်ပြောခွင့်ရသူ ပြည်နယ်စီးပွားရေးဝန်ကြီး ဦးခွန်သိန်းမောင်ကို RFA က ဆက်သွယ်မေးမြန်းခဲ့ပေမယ့် လက်ခံဖြေဆိုတာ မရှိပါဘူး။

၂၀၂၄ နှစ်ဇန်နဝါရီလ ၂၂ ရက်နေ့ကစပြီး ဆီဆိုင်မြို့ကို PNLA နဲ့ ပူးပေါင်းအဖွဲ့တွေက သိမ်းပိုက်ခဲ့ပြီး မတ်လ ၂၅ ရက်နေ့ နောက်ပိုင်းမှာ စစ်ကောင်စီနဲ့ ပအိုဝ်းပြည်သူ့စစ် (PNO) ပူးပေါင်းအဖွဲ့တွေက ဆီဆိုင်မြို့ကို ပြန်လည် ထိုးစစ်ဆင် သိမ်းပိုက်ခဲ့တာပါ။

ဧပြီလ ၁၃ ရက်နေ့ကစပြီး ဆီဆိုင်မြို့အနီးတစ်ဝိုက်ရွာတွေနဲ့ ဆီဆိုင်-လွိုင်ကော် ကားလမ်းပေါ်က ကျေးရွာတွေကို စစ်ကောင်စီတပ်က စစ်ကြောင်းထပ်ထိုးနေလို့ တိုက်ပွဲတွေ ဆက်ဖြစ်နေပါတယ်။

သုံးလနီးပါး ကြာမြင့်လာပြီဖြစ်တဲ့ တိုက်ပွဲတွေကြောင့် ဆီဆိုင်၊ ပင်လောင်းနဲ့ ဟိုပုံးမြို့နယ်အတွင်းက အရပ်သား အယောက် ခြောက်ဆယ်ကျော် သေဆုံးခဲ့ပြီး အယောက် ခုနစ်ဆယ်ကျော် ဒဏ်ရာရခဲ့တယ်လို့ ပအိုဝ်းလူငယ် အစည်းအရုံးရဲ့ ဧပြီလ ၁၅ ရက်နေ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org