ဘိုကလေးနဲ့ ပုသိမ် မှာ လူ့အခွင့်အရေးနေ့ ကျင်းပ
ဒီကနေ့ကျရောက်တဲ့ ၆၃ ကြိမ်မြောက် ကမ္ဘာ့ လူ့အခွင့်အရေးနေ့ အခမ်းအနား ကို လူ့အခွင့်အရေး ကာကွယ်မြှင့် တင်သူများ ကွန်ရက် HRDP က ဦးဆောင်ပြီး ဧရာဝတီတိုင်း ဘိုကလေးမြို့ အမှတ် (၄) ရပ်ကွက်မှာ ပြုလုပ်ခဲ့ပါတယ်။
-
2011-12-10 -
-
-
HRDP အဖွဲ့ကို တည်ထောင်သူ တဦးဖြစ်တဲ့ ဦးမောင်မောင်လေးက အစိုးရဟောင်းရဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို အစိုးရသစ်က အမွေ ဆက်ခံထားဆဲ ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။
အခမ်းအနားမှူး တာဝန်ယူခဲ့တဲ့ ကိုစောဗန်ကူးက လူတိုင်းလူတိုင်း လူ့အခွင့်အရေးကို ပိုမို သိရှိနားလည်နိုင်ဖို့ ကြိုးပမ်းကြရမယ်လို့ ပြောပါတယ်။
“ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးဟာ ခေါင်းနဲ့ပန်းလို ဖြစ်နေတယ်။ တကယ်လို့ လူ့အခွင့်အရေးတွေ ပြည့်ဝလာမယ်ဆိုရင် ဒါ လူ့ယဉ်ကျေးမှုတွေ ရှေ့တန်း ရောက်သွားစေတာပေါ့။ ဒီအပေါ်မှာ ကျနော်တို့ ရည်ရွယ်တယ်။ ၂ဝ၁၁ ခုနှစ်ထဲမှာ Childs Soldier ၄၂ မှုထဲမှာ ပြန်လည်လွတ်မြောက်တာက လေး ငါး ဆယ်ယောက်ပဲ ရှိသေးတယ်။ နောက်တချက်က လယ်ယာမြေ သိမ်းဆည်းမှုပေါ့။ တရားစီရင်ရေး မဏ္ဍိုင်တွေ တိမ်းစောင်းနေတဲ့အပေါ် ကျနော်တို့က အဓိက ဇောင်းပေးပြီး ရှင်းပြရတာတွေလည်း ရှိပါတယ်”
အခမ်းအနား တက်ရောက်လာသူတွေကို ဖြန့်ဝေခဲ့တဲ့ ကြေညာချက်မှာ လွတ်လပ်စွာ စုဝေးခွင့်၊ အေးချမ်းစွာ ဆန္ဒဖော်ထုတ်ခွင့်၊ အသင်းအပင်း ဖွဲ့စည်းခွင့်၊ ဝေဖန်ပြောဆိုခွင့်နဲ့ လွတ်လပ်စွာ ယုံကြည်ခွင့်တို့ကို အသုံးပြုခဲ့လို့ ဖမ်းဆီး ထောင်ချခံရသူ အားလုံးကို ခြွင်းချက်မရှိ ပြန်လွှတ်ပေးရန်၊ အမျိုးသား ပြန်လည်သင့်မြတ်ရေးကို ရှေးရှု၍ တိုင်းရင်းသားဒေသတွေမှာ ဖြစ်ပွားနေတဲ့ စစ်ပွဲတွေ အားလုံးကို လူ့အခွင့်အရေးအပေါ် အခြေခံပြီး ငြိမ်းချမ်းစွာ အဖြေရှာ အဆုံးသတ်ရန်၊ ပြည်ပနိုင်ငံတွေဆီ ရောက်နေသူ အားလုံး ဘေးကင်းလုံခြုံစွာ ပြန်လာခွင့်နဲ့ အာမ,ခံချက် ပေးရန်၊ နိုင်ငံရေးဆိုင်ရာ အခွင့်အရေးစာချုပ်ကိုလည်း လက်မှတ်ရေးထိုးရန် အစိုးရသစ်ကို တိုက်တွန်းတောင်းဆို ရေးသားထားပါတယ်။
HRDP အဖွဲ့ အနေနဲ့ ဘိုကလေးမြို့မှာ အခမ်းအနား ပြုလုပ်ခွင့်ကို ဒေသတာဝန်ရှိသူ အဆင့်ဆင့်နဲ့ မြို့နယ် ညွန်ကြားရေးမှူးရုံးအထိ တရားဝင် စာရေးသား တင်ပြခဲ့ပေမယ့် မြို့နယ်ရဲမှူးရဲ့ အဆိုအရ နည်းဥပဒေနဲ့ ညွန်ကြားချက် အထက်က မကျသေးတဲ့အတွက် အခမ်းအနား ပြုလုပ်ဖို့ ငြင်းပယ်တာ၊ ခွင့်ပြုတာ မလုပ်ဆောင်နိုင်ဘူးဆိုပြီး အကြောင်းပြန်ကြားခဲ့တယ်လို့လည်း သိရပါတယ်။ ဒါပေမယ့် အခမ်းအနား ပြုလုပ်ချိန်မှာ ဘိုကလေးမြို့နယ် တာဝန်ရှိသူတွေဘက်က တစုံတရာ နှောင့်ယှက်ဟန့်တားတာ မရှိဘူးလို့ သိရပါတယ်။
အလားတူ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့ အခမ်းအနားကို ဧရာဝတီတိုင်း ပုသိမ်မြို့ ရွှွေဘုံသာ ရပ်ကွက်က ဦးကြည်ဝင်း နေအိမ်မှာ လူ့အခွင့်အရေး စောင့်ကြည့်ကာကွယ်ရေးကွန်ရက် (HRWDN) အဖွဲ့က ကျင်းပခဲ့ရာမှာ ပရိသတ် ၁၃ဝ ကျော် တက်ရောက်ခဲ့တယ်လို့ သိရပါတယ်။