ရဟတ်ယာဉ်ပျက်ကျမှု လေယာဉ်မှူးသေဆုံးပြီး လေထီးနဲ့ ခုန်ချသွားသူတွေနဲ့ တိုက်ပွဲဆက်ဖြစ်နေ
ကယားပြည်နယ် (ကရင်နီပြည်)၊ ဘောလခဲနဲ့ ဖားဆောင်းမြို့ကြားမှာ မနေ့ကပစ်ချခံရတဲ့ စစ်ရဟတ်ယာဉ်ရဲ့ လေယာဉ်မှူး သေဆုံးခဲ့ပြီး လေထီးနဲ့ ခုန်ချသွားတဲ့ စစ်ကောင်စီတပ်သားတွေနဲ့ တိုက်ပွဲဆက်ဖြစ်နေတယ်လို့ မြေပြင်တိုက်ပွဲအခြေအနေကိုသိတဲ့ ကရင်နီတော်လှန်ရေးတပ်ဖွဲ့ အရာရှိတစ်ဦးက RFA ကိုပြောပါတယ်။
-
RFA Burmese
2024-05-07 -
-
-
ကယားပြည်နယ် (ကရင်နီပြည်)၊ ဘောလခဲနဲ့ ဖားဆောင်းမြို့ကြားမှာ မနေ့ကပစ်ချခံရတဲ့ စစ်ရဟတ်ယာဉ်ရဲ့ လေယာဉ်မှူး သေဆုံးခဲ့ပြီး လေထီးနဲ့ ခုန်ချသွားတဲ့ စစ်ကောင်စီတပ်သားတွေနဲ့ တိုက်ပွဲဆက်ဖြစ်နေတယ်လို့ မြေပြင်တိုက်ပွဲအခြေအနေကိုသိတဲ့ ကရင်နီတော်လှန်ရေးတပ်ဖွဲ့ အရာရှိတစ်ဦးက RFA ကိုပြောပါတယ်။
ဖားဆောင်းကို စစ်ကူနဲ့ ရိက္ခာပို့ဖို့လာတဲ့ ရဟတ်ယာဉ်နှစ်စင်းကို ကရင်နီကာကွယ်ရေးတပ်ဖွဲ့တွေက မေလ ၆ ရက်နေ့ နေ့လယ် ၁၁ နာရီခန့်မှာ ပစ်ချခဲ့တာပါ။
အဲဒီအထဲက ရဟတ်ယာဉ်တစ်စင်းက ဘောလခဲမြို့နယ်အတွင်းကို ပျက်ကျခဲ့တာလို့ မြေပြင်တိုက်ပွဲမှာပါဝင်တဲ့ ကရင်နီတော်လှန်ရေးတပ်ဖွဲ့ အရာရှိတစ်ဦးက RFA ကိုပြောပါတယ်။
“မနေ့က နှစ်စင်းလာတယ်။ တစ်စင်းကိုပစ်ချတဲ့အချိန် နောက်တစ်စင်းမှာပါတဲ့ စစ်ကောင်စီတပ်သားတွေက လေထီးကနေ ခုန်ချတာရှိတယ်။ ပစ်ခတ်လိုက်တဲ့အချိန်မှာ ရဟတ်ယာဉ်မှူးတော့ သေသွားတယ်။ သူတို့ လေထီးနဲ့ ခုန်ချတဲ့အချိန် ကျွန်တော်တို့ ထပ်ပြီးပစ်တာရှိတယ်”
ရဟတ်ယာဉ်ပျက်ကျခဲ့တဲ့နေရာကို ကရင်နီကာကွယ်ရေးတပ်ဖွဲ့တွေ နယ်မြေရှင်းလင်းရေးလုပ်ချိန်မှာလည်း လေထီးနဲ့ ခုန်ဆင်းခဲ့တဲ့ စစ်ကောင်စီတပ်သားတွေနဲ့ တိုက်ပွဲဆက်ဖြစ်နေတာလို့ ဆိုပါတယ်။
မေလ ၇ ရက် မနက်ပိုင်းအထိ အဲဒီနေရာတွေမှာ ကရင်နီတော်လှန်ရေးတပ်ဖွဲ့တွေ နယ်မြေရှင်းလင်းရေး ဆက်ပြီးလုပ်နေဆဲဖြစ်ပြီး ထိခိုက်သေဆုံးသူ အချက်အလက်အသေးစိတ်ကို မြေပြင်ဘက်ကနေ ဘာမှပြောလာတာမရှိသေးဘူးလို့ (KNDF) သတင်းနဲ့ပြန်ကြားရေး တာဝန်ရှိသူက ပြောပါတယ်။
ရဟတ်ယာဉ်ပျက်ကျမှုအတွင်း လေယာဉ်မှူး သေဆုံးတယ်ဆိုတာနဲ့ ပျက်ကျခဲ့တဲ့ရဟတ်ယာဉ်အမျိုးအစား အတိအကျကို RFA အနေနဲ့ သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။
ဒီကိစ္စနဲ့ပတ်သက်ပြီး စစ်ကောင်စီဘက်က သတင်းထုတ်ပြန်တာမရှိသလို စစ်ကောင်စီရဲ့ ကယားပြည်နယ် ပြောခွင့်ရ လက်ထောက်ညွှန်ကြားရေးမှူး ဦးဇာနည်မောင်ကို RFA က တယ်လီဖုန်းနဲ့ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေဆိုခြင်း မရှိပါဘူး။
ဖားဆောင်းမြို့ကိုသိမ်းပိုက်နိုင်ဖို့ မြို့အနီးမှာရှိတဲ့ စစ်ကောင်စီရဲ့ ခလရ (၁၃၄) နဲ့ ခလရ (၁၃၅) တပ်စခန်းတွေကို ကရင်နီပူးပေါင်းတပ်တွေ ၂၀၂၄ ခုနှစ်၊ မေလ ၄ ရက်နေ့ကတည်းက ထိုးစစ်ဆင်နေတာကြောင့် တိုက်ပွဲတွေ နေ့စဉ် ပြင်းထန်နေတာပါ။
စစ်ကောင်စီတပ်ကလည်း အဲဒီတပ်စခန်းတွေ လက်မလွှတ်ရရေးအတွက် လေကြောင်းတိုက်ခိုက်မှု ဆက်တိုက်လုပ်နေတယ်လို့ KNDF တာဝန်ရှိသူတွေက ပြောပါတယ်။