ဖမ်းဆီးခံထားရတဲ့ ဖားကန့်ကျောက်တူးသမား ၁၂ ဦးပြန်လွတ်
ပြီးခဲ့တဲ့ရက်ပိုင်းက အဖမ်းခံထားရတဲ့ ကချင်ပြည်နယ် ဖားကန့် ကျောက်စိမ်းတူးဖော်ရေးလုပ်ကွက်တွေက အလုပ်သမား ၁၂ ယောက်ကို စစ်ကောင်စီတပ်က ဇွန်လ ၁ ရက်နေ့မှာ ပြန်လွှတ်ပေးလိုက်ပါတယ်။
-
RFA Burmese
2023-06-02 -
-
-
ပြီးခဲ့တဲ့ရက်ပိုင်းက အဖမ်းခံထားရတဲ့ ကချင်ပြည်နယ် ဖားကန့် ကျောက်စိမ်းတူးဖော်ရေးလုပ်ကွက်တွေက အလုပ်သမား ၁၂ ယောက်ကို စစ်ကောင်စီတပ်က ဇွန်လ ၁ ရက်နေ့မှာ ပြန်လွှတ်ပေးလိုက်ပါတယ်။
ပြီးခဲ့တဲ့ မေလ ၂၉ ရက်နေ့က လုပ်ကွက်တစ်ခုမှာ ဖမ်းဆီးခံလိုက်ရတဲ့ အလုပ်သမား ၁၂ ယောက် ဇွန် ၁ ရက်နေ့မှာ ပြန်လွတ်လာတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဖားကန့်ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။
“ကျွန်တော်တို့ဆီက ဖမ်းသွားတဲ့ ၁၂ ယောက်လုံး အကုန်လုံးပြန်လွတ်ပြီ၊ ဖမ်းခံရတဲ့သူတွေက ကျောက်စာကွင်းထဲမှာ နှစ်ည နေခဲ့ရတယ်၊ ပြီးတော့ လုံးခင်းဘက်က စစ်ကောင်စီ အထိုင်ချထားတဲ့ ဘက်ကိုခေါ်သွားပြီး အဲ့ကနေပြန်လွတ်လာတာ၊ ဖမ်းသွားတဲ့ မြေတူးစက်တွေကိုလည်း တစ်စီးကို သိန်း ၆၀၀ လောက်ပေးပြီးတော့ ရွေးခဲ့ရတယ်ပြောတယ်”
လုပ်ကွက်တာဝန်ခံတွေက ဖမ်းဆီးထားတဲ့ စစ်ကောင်စီ တာဝန်ရှိသူတွေကို သွားရောက်ညှိနှိုင်းပြီး တောင်းတဲ့ ငွေပေးလိုက်တာကြောင့် ပြန်လွတ်လာတာလို့ သူက ပြောပါတယ်။ ငွေကြေး ဘယ်လောက်ပေးလိုက်ရတယ်ဆိုတာကိုတော့ အတိအကျမသိဘူးလို့လည်း ဆိုပါတယ်။
ဖားကန့်ဒေသက ကျောက်စိမ်းတူးဖော်ရေးကုမ္ပဏီတွေကို ပြီးခဲ့တဲ့ ဧပြီလနဲ့ မေလ နှစ်လအတွင်း စစ်ကောင်စီတပ်တွေ ဝင်ရောက်စီးနင်းပြီး လူ ၂၀၀ ကျော်ကိုဖမ်းဆီးခဲ့တာပါ။
အဲဒီဖမ်းဆီးခံထားရသူအားလုံး ပြန်လွတ်တာ ဟုတ်၊ မဟုတ်ကိုတော့ RFA က အတည်ပြုနိုင်ခြင်းမရှိသေးပါဘူး။
ဇွန်လ ၁ ရက်နေ့ကစပြီး ဖားကန့်က ကျောက်စိမ်းလုပ်ကွက်တွေ အရင်လိုပဲ ပြန်လည်လုပ်ကိုင်နေကြတယ်လို့လည်း အမည်မဖော်လိုတဲ့ ဖားကန့်ဒေသခံ နောက်တစ်ဦးက ပြောပါတယ်။
စစ်ကောင်စီရဲ့ ကချင်ပြည်နယ်ပြောရေးဆိုခွင့်ရှိသူ လူမှုရေးဝန်ကြီး ဦးဝင်းရဲထွန်းကတော့ ဖားကန့်ဒေသမှာ ကျောက်စိမ်းတူးဖော်ခွင့် တရားဝင်ခွင့်ပြုထားတာမရှိဘူးလို့ RFA ကို ဧပြီလက ပြောထားပါတယ်။
စစ်ကောင်စီ ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က တရားမဝင်ကျောက်စိမ်း တူးဖော်နေတာတွေကို တားဆီးကာကွယ်သွားမယ်လို့ ပြီးခဲ့တဲ့ရက်ပိုင်းက ပြောထားပါတယ်။
ဧပြီလလောက်ကစပြီး ဖားကန့်မြို့နယ်မှာ ကျောက်စိမ်းတူးဖော်နေတဲ့ ကုမ္ပဏီတွေကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ မကြာခဏ ဝင်ရောက်ဖမ်းဆီးပြီး ငွေကြေးတောင်းခံနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
အဲဒီလို ပြောဆိုချက်တွေနဲ့ပတ်သက်လို့ တုံ့ပြန်ချက်ရဖို့ စစ်ကောင်စီ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကို RFA ဝါရှင်တန်ဒီစီရုံးက ဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် ဖုန်းမဖြေပါဘူး။