ဖားကန့်မှာ လက်နက်ကြီးကြောင့် ဒေသခံတစ်ဦး သေဆုံး၊ ခြောက်ဦး ဒဏ်ရာရ

ဖားကန့်မြို့နယ် မော်မောင်းလျံကျေးရွာမှာ မတ် ၃၁ ရက်နေ့က စစ်တပ်ရဲ့ လက်နက်ကြီးကျည် ကျရောက်ခဲ့တာကြောင့် တစ်ဦး သေဆုံးပြီး ခြောက်ဦးဒဏ်ရာရခဲ့ပါတယ်။

ကချင်ပြည်နယ်၊ ဖားကန့်မြို့ရှိ ပြည်သူ့ဆေးရုံကို ၂၀၂၀ ပြည့်နှစ်အတွင်း တွေ့ရစဉ်။ MOI

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ် မော်မောင်းလျံကျေးရွာမှာ မတ်လ ၃၁ ရက်နေ့က စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲခဲ့တာကြောင့် ဒေသခံတစ်ဦး သေဆုံးပြီး ခြောက်ဦးဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

တိုက်ပွဲမရှိဘဲ လက်နက်ကြီးကျည်တစ်လုံး ရွာထဲက နတ်စင်ကြီးကုန်းနားမှာ ကျရောက်ပေါက်ကွဲခဲ့တာဖြစ်ပြီး အနားမှာရှိနေတဲ့ သက်ကြီးပိုင်းအမျိုးသမီးတစ်ဦး နေရာမှာတင် သေဆုံးခဲ့တယ်လို့ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။

“ရွာက ကိုးကွယ်တဲ့ နတ်စင်ကုန်းမှာ လက်နက်ကြီးကျည်တစ်လုံး ကျတာပေါ့။ ဆုံးသွားတဲ့အမျိုးသမီးနေတဲ့အိမ်နဲ့ နတ်စင်နဲ့ ကပ်လျက်ပေါ့။ သူက အဲဒီအချိန် အိမ်အပြင်မှာ ထွက်ထိုင်နေတဲ့အချိန်မှာ ဖြစ်သွားတာ။ ဗိုက်တွေပွင့်ပြီး မြင်မကောင်းလောက်အောင်ကို တစ်စစီဖြစ်သွားတယ်”

သေဆုံးခဲ့သူဟာ အသက် ၇၀ ကျော်အရွယ် ဒေါ်ကြည်ခင်ဖြစ်ပြီး ဒဏ်ရာရသူခြောက်ဦးကတော့ ဖားကန့်ဆေးရုံကြီးမှာ ဆေးကုသမှုခံယူနေပြီး အသက်အန္တရာယ် စိုးရိမ်စရာမရှိဘူးလို့ ဆိုပါတယ်။

အဲဒီလက်နက်ကြီးကျည်ကို ဖားကန့်မြို့မဗျူဟာကုန်းကနေ ပစ်ခတ်လိုက်တာလို့ ဒေသခံတွေပြောပေမယ့် RFA အနေနဲ့ သီးခြားအတည်ပြုနိုင်ခြင်းမရှိပါဘူး။

ဒီကိစ္စနဲ့ ပတ်သက်ပြီး စစ်ကောင်စီရဲ့ ကချင်ပြည်နယ်ပြောခွင့်ရှိသူ လူမှုရေးဝန်ကြီး ဦးမိုးမင်းသိန်းကို RFA က တယ်လီဖုန်းနဲ့ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေဆိုခြင်းမရှိပါဘူး။

မတ်လ ၁ ရက်နေ့ကလည်း ဆိပ်မူကျေးရွာမှာ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲခဲ့တာကြောင့် ကလေးငယ် တစ်ဦးအပါအဝင် ဒေသခံနှစ်ဦး ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောထားပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org