ကုသိုလ်ဖြစ် ဆေးခန်း နယ်လှည့် ဆေးကုသ
မန္တလေးတိုင်း အမရပူရမြို့မှာ ဖွင့်ထားတဲ့ အမရသုခ ကုသိုလ်ဖြစ် အခမဲ့ ဆေးခန်းက ဆောင်ရွက်နေတဲ့ နယ်လှည့် ဆေးကုသရေး အစီအစဉ် အဖြစ် အာဇာနည်နေ့ အကြိုရက်မှာ မန္တလေးမြို့ ပြည်ကြီး တံခွန်မှာ ရှိတဲ့ တိုင်းရင်းသား မိဘမဲ့ လူငယ်များ စောင့်ရှောက်ရေး ပရဟိတ္တကျောင်းမှာ ကျန်းမာရေး စောင့်ရှောက်မှု ပေးခဲ့တယ်လို့ သိရပါတယ်။
-
2011-07-20 -
-
-
ဒီကျောင်းမှာ တောင်ပေါ် တိုင်းရင်းသား ပလောင်၊ ပအို့ဝ်၊ ၀ စတဲ့ မိဘမဲ့ ကလေး တရာကျော် ရှိပြီး သူတို့ကို ကျန်းမာရေး စစ်ပေးတဲ့အကြောင်း အမရသုခ နယ်လှည့်အဖွဲ့နဲ့ လိုက်ပါသွားတဲ့ ဒေါက်တာ ဇော်မြင့်မောင်က ပြောပါတယ်။
"အမရသုခဆေးခန်းက mobile clinic လေး တခု ဖွင့်ထားတာပေါ့နော်။ အဲဒီသဘောအနေနဲ့ ပြည်ကြီးတံခွန်မြို့နယ် ပြည်လုံးချမ်းသာ တိုင်းရင်းသား မိဘမဲ့ လူငယ်များ ပြုစု စောင့်ရှောက်ရေး ပရဟိတ ကျောင်းလေးကို ဆေးသွားကုပေးတာ။ ကလေးလေးတွေပါ၊ ကိုယ်ရင်လေးတွေရော ကျောင်းသားလေးတွေရော လက်သည်းခြေသည်း ညှပ်ပေးတယ်။ သံချပေးခဲ့တာပေါ့။ အားဆေးပေးခဲ့တယ်။ ဆေး သွားစစ်ပေးတာပေါ့နော်။ သံရှိတာတို့ ယားနာလေးတွေတို့တော့ ရှိတာပေါ့။ အဟာရ ချို့တဲ့တဲ့ လက္ခဏာလေးတွေတော့ ရှိတာပေါ့။"
ဒီကျောင်းကို သက်တော် ၅၀ လောက်ရှိတဲ့ ဓမ္မစရိယ ဆရာတော် ဦးသုမင်္ဂလက ဦးစီးပြီး ကျောင်းမှာ သီတင်းသုံးတဲ့ သံဃာ နှစ်ပါးနဲ့ ဒီ မိဘမဲ့ကလေးတွေကို လွန်ခဲ့တဲ့ ၁၀နှစ်လောက်က စပြီး ပြုစု စောင့်ရှောက်နေတာလို့ ဆိုပါတယ်။
ကျောင်းရန်ပုံငွေနဲ့ တိုင်းထွာ စားသောက်ရတာမို့ အဟာရဓာတ် ချို့တဲ့တဲ့ လက္ခဏာတွေ တွေ့ရတယ်လို့ ပြောပါတယ်။
အဝတ်အစားလည်း ပြည့်ပြည့်စုံစုံ မရှိကြဘဲ ရှိတဲ့ အဝတ်အစား ကလည်း ပေရေနေတဲ့ ဒီ ကျောင်းအိပ် ကျောင်းစား တိုင်းရင်းသား ကလေးတွေကို သံဃာသုံးပါးက နိုင်သလောက် စောင့်ရှောက် နေရပြီး အိမ်သာ သန့်ရှင်းရေး အပါအဝင် တကိုယ်ရည် သန့်ရှင်းရေး အားနည်းတဲ့ အတွက် ကျန်းမာရေး အသိပညာ ပေးခဲ့ရတယ်လို့ ပြောပါတယ်။
အလှူရှင ်ရှိရင် ထမင်းတနပ်စာ ကျပ် ၆သောင်းနဲ့ ကျွေးမွေး နိုင်ပေမဲ့ အလှူရှင် မရှိရင် ဆရာတော်က ကျွေးမွေးရတယ် ဆိုပါတယ်။
အသက် ၅ နှစ် ၆ နှစ်ရွယ် မိဘမဲ့ ကလေးတွေကို ဆရာတော်က လက်ခံပြီး အပြင်က ကျူရှင် ဆရာတွေနဲ့ စာသင်ကြားပေးပါတယ်။ ဒီကျောင်းကနေ ကြီးပြင်းလာတဲ့ ၉ တန်း ၁၀ တန်း ကျောင်းသားတွေ ရှိပြီး ၁၀ တန်းအောင်သွားတဲ့ ကလေး နှစ်ယောက် ရှိသွားပြီလို့သိရပါတယ်။