ရန်ကုန်တိုင်း ဥပဒေချုပ်ကို တာဝန်ကရပ်စဲကြောင်း ထုတ်ပြန်

ရန်ကုန်တိုင်းဒေသကြီး ဥပဒေချုပ် ဦးဟန်ထူးကို တာဝန်ကနေ ရပ်စဲလိုက်ပြီဖြစ်ကြောင်း သမ္မတ ဦးဝင်းမြင့်က အမိန့်ထုတ်ပြန်လိုက်ပါတယ်။

ရန်ကုန်တိုင်းဒေသကြီး ဥပဒေချုပ် ဦးဟန်ထူး ကို တွေ့ရစဉ် Photo: Yangon Region Government - facebook

ရန်ကုန်တိုင်းဒေသကြီး ဥပဒေချုပ် ဦးဟန်ထူးကို တာဝန်ကနေ ရပ်စဲလိုက်ပြီဖြစ်ကြောင်း သမ္မတ ဦးဝင်းမြင့်က အမိန့်ထုတ်ပြန်လိုက်ပါတယ်။

ဟာသသရုပ်ဆောင် အောင်ရဲထွေး အသတ်ခံရတဲ့အမှုမှာ လာဘ်စားခဲ့တယ်လို့ အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်က စစ်ဆေးပေါ်ပေါက်ခဲ့တာကြောင့် ဖွဲ့စည်းပုံ အခြေခံဥပဒေပုဒ်မ ၂၆၈၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ ၂၉ ပါ ပြဌာန်းချက်တွေအရ တာဝန်ကနေ ရပ်စဲလိုက်တာဖြစ်တယ်လို့ မနေ့က ရက်စွဲနဲ့ ထုတ်ပြန်တဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

ရန်ကုန်တိုင်းဒေသကြီး ဥပဒေချုပ် ဦးဟန်ထူး၊ ရန်ကုန်တိုင်းဒေသကြီး ဥပဒေအရာရှိ ဦးသိန်းဇော်၊ ရန်ကုန်အရှေ့ပိုင်း ခရိုင် ဥပဒေအရာရှိ ဦးကိုကိုလေး၊ ဒုတိယ ခရိုင်ဥပဒေအရာရှိ ဒေါ်သစ်သစ်ခင်၊ ဒုတိယ ခရိုင်တရားသူကြီး ဦးအောင်ကြည်နဲ့ ရွှေပေါက္ကံနယ်မြေ စခန်းမှူး ရဲအုပ် ချစ်ကိုကို တို့ကို အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေနဲ့  စက်တင်ဘာလ ၁၃ ရက်နေ့က အမှုဖွင့်လိုက်တာ ဖြစ်ပါတယ်။

အောင်ရဲထွေး အသတ်ခံရတဲ့အမှုမှာ တရားခံတွေကို တရားရုံးက ကွင်းလုံးကျွတ်လွတ်ခဲ့တာနဲ့ ပတ်သက်ပြီး သမ္မတ အပါအဝင် နိုင်ငံတော်အကြီးအကဲတွေက အမှုကို ပြန်လည်စစ်ဆေးဖို့ ပြောကြားခဲ့ပါတယ်။

အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင် အရာရှိ ဦးကျော်စိုးက တိုင်းဥပဒေချုပ် ဦးဟန်ထူးက ကျပ်ငွေ သိန်း ၁၅ဝ၊ တိုင်း ဥပဒေအရာရှိ ဦးသိန်းဇော်က ကျပ် သိန်း ၅ဝ၊ ရန်ကုန် အရှေ့ပိုင်းခရိုင် ဥပဒေအရာရှိ ဦးကိုကိုလေးက ကျပ် သိန်း ၁၃ဝ၊ ဒုတိယ ခရိုင် ဥပဒေအရာရှိ ဒေါ်သစ်သစ်ခင်က ကျပ် သိန်း ၃ဝ၊ ဒုတိယ ခရိုင် တရားသူကြီး ဦးအောင်ကြည် က ကျပ်သိန်း ၃၃ဝ နဲ့ ရဲအုပ် ချစ်ကိုကိုက ကျပ် သိန်း ၃ဝ ရယူခဲ့ကြတယ်လို့ ပြောဆိုထားပါတယ်။

အောင်ရဲထွေးဟာ ပြီးခဲ့တဲ့ ၂ဝ၁၇ နှစ်သစ်ကူးညမှာ သင်္ဃန်းကျွန်းမြို့နယ် ပေါ်ဆန်းမွှေးလမ်းမှာရှိတဲ့ The one Entertainment က ပြုလုပ်တဲ့ ပါတီပွဲကို တက်ရောက်ရင်း လူတစ်စုက ဝိုင်းဝန်းထိုးကြိတ်တာကိုခံရပြီး သေဆုံးခဲ့တာဖြစ်ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org