စျေးကစားသူတွေကိုအရေးယူမယ်လို့ ဗဟိုဘဏ်ပြောပေမယ့် ရွှေနဲ့ဒေါ်လာဈေး ပြန်မကျ
ဒေါ်လာနဲ့ ရွှေဈေးကစားသူတွေကို အရေးယူမယ်လို့ စစ်ကောင်စီရဲ့ ဗဟိုဘဏ်က မတ်လ ၃၀ ရက်နေ့မှာ ထုတ်ပြန်ခဲ့ပေမယ့် ဧပြီလ ၁ ရက်နေ့ မနက်ပိုင်းအထိ ဈေးပြန်မကျသေးဘူးလို့ ဈေးကွက် လေ့လာစောင့်ကြည့်သူတွေက ပြောပါတယ်။
-
RFA Burmese
2024-04-01 -
-
-
ဒေါ်လာနဲ့ ရွှေဈေးကစားသူတွေကို အရေးယူမယ်လို့ စစ်ကောင်စီရဲ့ ဗဟိုဘဏ်က မတ်လ ၃၀ ရက်နေ့မှာ ထုတ်ပြန်ခဲ့ပေမယ့် ဧပြီလ ၁ ရက်နေ့ မနက်ပိုင်းအထိ ဈေးပြန်မကျသေးဘူးလို့ ဈေးကွက် လေ့လာစောင့်ကြည့်သူတွေက ပြောပါတယ်။
ဧပြီလ ၁ ရက်နေ့ မနက်ပိုင်းမှာ အမေရိကန်တစ်ဒေါ်လာကို မြန်မာကျပ်ငွေ ၃၈၅၀ ကနေ ၃၈၇၀ ဝန်းကျင်ရှိပြီး ရွှေဈေးကလည်း အခေါက်ရွှေတစ်ကျပ်သားကို ကျပ် ၄၅ သိန်းဝန်းကျင် ရှိနေပါတယ်။
ဒါဟာ ပြီးခဲ့တဲ့မတ်လ နောက်ဆုံးအပတ်မှာ ဖြစ်ပေါ်ခဲ့တဲ့ ဈေးနှုန်းတွေနဲ့ အတူတူပဲ ဖြစ်ပါတယ်။
မတ်လအတွင်း နိုင်ငံခြားထွက်ခွာသူတွေများလာပြီးနောက် အမေရိကန်ဒေါ်လာ ဝယ်လိုအားများပြီး ရောင်းလိုအား မရှိတော့တာကြောင့် ဈေးတွေ အဆမတန်မြင့်တက်လာတာပါ။
လုံခြုံရေးအရအမည်မဖော်လိုတဲ့ အသေးစား ငွေလဲလှယ်ရေးလုပ်ငန်း လုပ်ကိုင်သူတစ်ဦးကတော့ ဒေါ်လာငွေ လိုအပ်ချက်ကိုမဖြည့်နိုင်ရင် ဈေးကပြန်မကျနိုင်ဘူးလို့ RFA ကိုပြောပါတယ်။
"ပြည်ပထွက်သူတွေ တအားများတော့ ဒေါ်လာက လိုအပ်လာတယ်။ အဲဒါကိုမဖြည့်နိုင်ဘူး။ အခု ဗဟိုဘဏ်က အရေးယူမယ်လို့ ကြေညာလိုက်တော့ တချို့ငွေလဲကောင်တာတွေ သိပ်အရောင်းအဝယ်မလုပ်တော့ဘူး။ အဲဒီလိုဆိုတော့ ဒေါ်လာက ရှားလာတယ်။ ဒီနေ့ကတော့ ဈေးက ပြီးခဲ့အပတ်ကလိုပဲ ပြန်တော့မကျသေးဘူး"
စစ်ကောင်စီရဲ့ဗဟိုဘဏ်ကတော့ လူပုဂ္ဂိုလ်တချို့ဟာ ဥပဒေနဲ့မညီဘဲ နိုင်ငံခြားငွေရောင်းဝယ်တာတွေ လုပ်နေတာကြောင့် ဈေးကွက်မတည်ငြိမ်ဖြစ်နေတာလို့ ဆိုထားပါတယ်။
မတ်လနောက်ဆုံးအပတ်မှာလည်း အမေရိကန်တစ်ဒေါ်လာကို ငွေကျပ် ၃၈၅၀ ဝန်းကျင်ရှိခဲ့ပြီး အခေါက်ရွှေ တစ်ကျပ်သားကို ငွေကျပ် ၄၅ သိန်းကျော် (၄,၅၁၀,၀၀၀) ရှိခဲ့ပါတယ်။